(၁) ခက်ထန်စီးဆင်း ညင်သာကင်းစွ
ရိုင်းလှရေလျင် ဆိုးလှထင်ရဲ့
အော်…အသင် ရက်စက်နိုင်လွန်းလှပါဘိ။
(၂) သူ့ကိုယ်သူပင် အဟုတ်ထင်သည့်
အသင်ရေလှိုင်း ဘယ်ထိရိုင်းမလဲ?
ပင်လယ်တာဝေး ဘယ်ထိပြေးမလဲ?
(၃) ဦးတည်ရာတလျှောက် ခုန်ပေါက်မနား
ထိုးဖောက်သွားလျက် ဆီးတားမရ
ဒေါသပြင်းဟန် ငလျှင်ဒဏ်ကြောင့်
လှိုင်းထန်ဝဲပွက် ရေဂယက်နဲ့
ပေါ်ထွက်လာငြား အသင် ဆူနာမီကား
(၄) အိမ်ခြေများမြောင် မရှောင်ကျော်ဖြတ်
ကဆုန်ပေါက်ပြေး ဟီးသံကြွေးလျှက်
တွေ့တွေ့သမျှ အနန္တကို
ဆွဲချနင်းချေ အသင့်ရေအောက်
နှစ်မြှပ်မသနား တကယ့်ကို
အသင် လုပ်ရက်ပေစွတကား။
သြော်… ဆူနာမီဒဏ် ပြင်းထန်ခံစား
ဂျပန်များမူ ကရုဏာအတိ မေတ္တာရှိ။
ကယ်ဆယ်ပါဘိ ကမ္ဘာသိ။
နိုင်ငံပေါင်းစုံ ဝိုင်းဝုံအားပေး
လက်မနှေးဘဲ လက်တွဲပါဘိ ဝမ်းသာမိ။
ကူညီပါဘိ လျှမ်းပီတိ။
(မေ့သားလှ-ဇလဂ္ဂ)
၁၃-၀၃-၂၀၁၁
မှတ်ချက်။
ဂျပန်နိင်ငံ၌ ၁၁-၀၃-၂၀၁၁ သောကြာနေ့တွင် ၈.၉ Magnitude သို့မဟုတ် ၉ Magnitude ပြင်းအားရှိ မြေငလျင် အပြင်းထန်လှုပ်ခတ်မှူကြောင့် ဆူနာမီရေလှိုင်းကြီးများဒဏ် အပြင်းထန်ခံစားရသော ဂျပန်ပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာပါစေ။ မမျှော်လင့်ဘဲ အသက်ဆုံးပါးသွားကြသူများ ကောင်းရာသုဂတိရောက်ပါစေ။
မေတ္တာဖြင့် (မေ့သားလှ-ဇလဂ္ဂ)
Monday, March 14, 2011
ရက်စက်ပါဘိ အိုဆူနာမီ
Thursday, December 9, 2010
ချစ်စရာ့ ဧရာဝတီ
မေခ မလိခ မြစ်နှစ်ဝမှ
ဆုံကြရေစဉ် ပေါင်းဆုံဝင်၍
တောင်စဉ်ကျော်ဖြတ် လမ်းခုလတ်လည်း
မြေပဲစပါး ဂျုံပါများနှင့် မြောက်များသီးနှံ
ပိုလျှံစွာပင် နွေမိုးဆောင်းတွင်
အလှဆင်လျက် မြန်ပြည်တစ်ခွင်
ရေဝလင်ပြီး အစဉ်စိုက်ပျိုး
အထွက်တိုးကြောင့် သဒ္ဓါဖြိုးလှူဒါန်း
အံ့မခန်းစွ မြန်မာ့တစ်ကြော
စည်သံဗျောတို့ သာမောဖွယ်ပ
ချစ်စရာ့ ဧရာဝတီ။
မြန်မာ့အလှပီ သဘာဝပန်းချီ
ဟန်ကြွချီသည့် ဧရာဝတီ။
တပြည်လုံး ကြည်နှလုံး
ရွှင်ပြုံးစေသည့် ဧရာဝတီ။
နေခြည်ရွှေရည် ပွားဝေစည်သည့်
ချစ်စရာ့ ဧရာဝတီ။
အရှည်လေးနက် မြန်ပြည်အတွက်
မသွေပေးဆက်ခဲ့သည့် ဧရာဝတီ။
ဆန်ရေစပါး ပေါကြွယ်ပွား
နိုင်ငံသားတို့အား ကျေးဇူးများသည့်
ချစ်စရာ့ ဧရာဝတီ။
နွေမိုးဆောင်းဝယ် ရေအလျှံပယ်
ရွှေမြန်နယ်တွင် အလှဆင်သည့်
ချစ်စရာ့ ဧရာဝတီ။
နံနက်ညနေ ရေငတ်ပြေ၍
မြစ်ရေသွင်သွင် လွမ်းဖွယ်ထင်ရ
ပျော်ရွှင်အားရ သောက်မဝသည့်
ချစ်စရာ့ ဧရာဝတီ။
အော်…သမိုင်းစဉ်လာ အလှဝေဖြာသည့်
ဧရာမြစ်မင်း သင့်သတင်းကို
ချစ်ခြင်းခုတိုင် ပြောမဆုံးနိုင်ပါတကား။
မေ့သားလှ-(ဇလဂ္ဂ)
Mon- 6-12-2010
Saturday, November 27, 2010
ဆည်းဆာညို အမှောင်မိုက်လမ်းမှာ
မီးပမာလို လောင်ကျွမ်း
ဆည်းဆာညို အမှောင်မိုက်လမ်းမှာ
စမ်းတဝါးဝါးနဲ့ လျှောက်လမ်းခိုက်
ကံကိလေသာ မကုန်ခန်းးလေသမျှ
ဖိစီးလာဝေဒနာတွေက
ခိုလှုံကာ ဝင်ရောက်လာကြ
ကြောက်စရာ့ ဒီရုပ်ဒီခန္ဓာ
အော်…ဇရပ်ပျက်ကြီးပမာပါတကား။
ထောက်ထားမညှာ ဖောက်ပြားကာ
ဖန်တီးလာလေသမျှ ကံကိလေသာ
အပုပ်ခန္ဓာ ရုပ်နာမ်နှစ်ဖြာ
ဝေဒနာအဆိုးတွေကြားက
ဒေသနာကိုကြိုးစား
ဘာဝနာအသိတရားနဲ့ နိုးကြား
ကျင့်တရားပွားများကာပင်
အပုပ်ခန္ဓာ ရုပ်နာမ်နှစ်ဖြာ
နောက်တစ်ခါ ရောက်မလာရလေအောင်
စိတ်မောစရာ ဒီဇရပ်အိုကြီးကို
တကယ့်အစစ် အမြိုက်လမ်းဆီသို့
ဆက်ချစ်အမိုက် မသန်းရလေအောင်
အိုကွယ် ဖျက်ပစ်လိုက်စမ်း။
မီးဆယ့်တစ်ဖြာ လောင်ကျွမ်းပါသော
မိမိရင်ထဲ အပူစွဲကို
မမြဲအနိစ္စ သင်္ခါရဟု
တရားရှု့မှတ် ပွားများလတ်သော်
ကင်းပြတ်ချုပ်ပျောက် ချမ်းသာရောက်မှာပါတကား။
(မေ့သားလှ-ဇလဂ္ဂ) November 26- 2010
Thursday, November 4, 2010
ဆရာ့ကျောင်းတော်သာ
အရောင်သွေးစုံ ဖူးပွင့်ငုံသည့် မြောင်ရဂုံစမ်း
ဟို တောတောင်တန်းဆီက ပန်းမာလာတွေလို
စခန်းသာ လန်းဖြာဖြာ
ပညာစုံ အဖူးအငုံတွေကို
လှမ်းလို့သာ သင်ကာခူး
လှပကြည်နူး ရွယ်လူးနုစဉ် ပညာသင်
ဟိုရှေးပဝေသဏီ အတိတ်ဆီသို့
ပြန်တွေးလို့နေစဉ်
အလှပေါင်းတွေ တပုံတပင်နဲ့ ဝေဆာနေတဲ့
ဆရာ့ကျောင်းတော်သာကြီးကိုတော့ ခုထိ မေ့မရ သတိရဆဲ။
(04-11-2010) (မေ့သားလှ-ဇလဂ္ဂ)
Saturday, October 30, 2010
ဆုတောင်းတိုင်းသာ ပြည့်စေချင်
မိုးလေဝသ ရာသီမျှစေ
လှပရွယ်လူး ပန်စုံဖူးစေ
မြေဆီလွှာထိမ်း တောလုံးစိမ်းစေ
ခပ်သိမ်းဝန်းကျင် အလှဆင်စေ
တာဝန်ပေးအပ် ခံယူတတ်စေ
ရင်ထဲအမြဲ ဝင်လျှက်စွဲစေ
ရှည်ကြာအသိ တည်ကာရှိစေ
စွမ်းအားစိတ်ဓာတ် ထင်မြင်ဟပ်စေ
ပြတ်ပြတ်ထင်ထင် ရှု့မြင်တတ်စေ
ရင်မှာအသိ ထာဝရရှိစေ
နိုးကြားရှင်သန် အမြင်မှန်စေ
ခန္တီနှလုံး အစဉ်သုံးစေ
မြင့်မြင့်မားမား ရည်မှန်းထားစေ
ရင့်ကျက်ဖွင့်ထွား နှလုံးသားလှစေ
မတ်မတ်တည်ငြိမ် ဂုဏ်ရှိန်ရှိစေ
စံထားဂုဏ်တင် ရှု့တိုင်းယဉ်စေ
ဩဇာကျယ်ပြန့် ထည်ဝါခန့်စေ
တိုင်းပြည်အတွက် ထမ်းပိုးရွက်စေ
ဘိုးဘွားမြန်မာ ဂုဏ်ဖြာတင့်စေ
သွေးသားနောင်ညီ ကူညီကြစေ
နဘံမိုးထက် လျှံဝေတက်စေ
သူတော်တရား ကမ္ဘာလွှားစေ တောင်းဆုခြွေ၏။
(၁၁-၁၀-၂၀၀၉) (မေ့သားလှ ဇလဂ္ဂ)။
Monday, October 25, 2010
ပန်းခိုးသူနှင့် ပန်းပျိုးသူ
နေခြည်ဖျန်းစ လေပြည်သန်းခ
ဝေစည်ပန်းလှ သင်းသင်းမြမွှေး
ပန်းဥယျာဉ်လေးထဲမှာ
ရေလောင်းပေါင်းသင် နေဝင်မိုးချုပ်
တကုတ်ကုတ်နဲ့ အလုပ်ရှုပ်နေတဲ့
ပန်းချစ်သူ ဥယျာဉ်မှူး
ငုံရာကဖူး ဖူးရာကပွင့် တပွင့်ပြီးတပွင့်
သူ့ပန်းများစွာ ပွင့်လာတာကို
လွန်စွာကြည်နူး ရွှင်ပျော်မြူးစဉ်
တစ်မနက် ရက်စက်လိုက်လေဘိ
ကျွန်ုပ်ပျိုးထား ပန်းခင်းများကို
ရမ်းကားလူဆိုး ရိုက်ချိုးချေဖျက်
အနိုင်ထက်လျှင် ပိုင်ထက်ကျော်ကျူး
ပန်းခူးနေဘိ။
ကိုယ့်ကျိုးဆန္ဒ ဝိသမကြောင့်
အကျည်းတန်စွာ ဒဏ်ရာကြွေပန်း
ဆင်ကာမြန်းသည့် ဆွတ်လှမ်းယူချိုး
အို…ပန်းသူခိုး…
အသင်ခိုးလည်း ပန်းမျိုးတွေဟာ
ငါ့မှာ မြောက်များစွာပင်
တပင်တည်း တပွင့်တည်းမဟုတ်
ဟောဒီမှာ…ပန်းတစ်အုပ် ပန်းတစ်ဆုပ်နဲ့
ကဲကဲလှုပ်လှုပ် ကျွန်ုပ်ထပ်ပျိုး
အသစ်ပင်တိုး တမျိုးပြီးတမျိုး မရိုးစေရဘူး။
အားသစ်ပြင်ပျိုး အလှမျိုးများစွာ
မြရွက်ညှာမှာ မာလာပွင့်ပန်း စွင့်စွင့်လန်းမြဲ
တွဲတွဲဆုပ်ဆုပ် ကဲကဲလှုပ်လှုပ်
ပန်းတစ်ဆုပ် ပန်းတစ်မြုံ ပန်းတစ်အုံ
အလှသွေးစုံ အရောင်သွေးစုံ ပန်းလိပ်ပြာစုံ
အားမာန်ဟုန်ပြင်း ငါ့ရောင်စုံပန်းခင်းကြီးဟာ
ဝင့်ကြွားဂုဏ်မြင့် ထင်ရှားစုံတင့်
ငွားငွားစွင့်စွင့် ကြွားကြွားဝင့်ဝင့်
မားမားလွင့်လွင့် တင့်တင့်တယ်တယ်
ရှု့ချင်စဖွယ် အမြဲလှပဝေဆာ နေစေရမယ်။
ကျေးဇူးတင်ပါတယ်
(မေ့သားလှ-ဇလဂ္ဂ) ၂၅-၁၀-၂၀၁၀
maytharhla@gmail.com
Wednesday, October 20, 2010
အို..နံနက်ခင်း...
ဝရုန်းသုန်းကား အိပ်မက်ကြားမှ
နိုးထလာသော ငါ့နှလုံးသားပြတင်း
အရုဏ်ကျင်း၍ အလင်းဝင်ရောက်
အမှောင်ပျောက်ခဲ့။
နေခြည်လည်းပွင့် ပန်းလည်းတင့်၍
ငှက်ကျေးစုံမြူး အလှထူးသည့်
ကြည်နူးဖွယ်ဆင်း …အို နံနက်ခင်း။ (၂-၁၀-၂၀၀၉)
မေ့သားလှ(ဇလဂ္ဂ)
Tuesday, October 19, 2010
ပန်းချစ်သူ ဥယျာဉ်မှူး။
။
အပင်များကြီးထွား အငုံများဖူးဖွင့်
ငွားငွားစွင့်စွင့် တင့်တင့်တယ်တယ်
ရင်ဝင်ပေါက်ဖွား မွှေးတုံအားသစ်
ပန်းချစ်သူဥယျာဉ်မှူး
စိတ်ကူးနှင့် ပြုစုရင်း ပျော်နေသူ။
မာလာပန်းစုံ လွှမ်းကြိုင်ထုံအောင်
ဥဿုံဝန်းကျင် အလှဆင်မည့်
ပြုပြင်ရွှင်မြူး ဥယျာဉ်မှူး။
အဖိုးထိုက်ပန်း ဖူးပွှင့်လန်းသော်
စိတ်ချမ်းသာဘိ သူပျော်မိခဲ့
စေတနာမှန် ထက်သန်ရွှင်ပြ ဇွဲလုံ့လနှင့်
ရိုးသားမေတ္တာ အနစ်နာနှင့်
သန့်စင်ကြင်နာ ကရုဏာနှင့်
လောကဝန်းကျင် အလှဆင်မည့်
ထိုက်သင့်ချိန်ခါ ဖူးပွင့်မည့်
မာလာပန်းစုံ ဥယျာဉ်ဘုံမှ
အားနှင့်မာန်နှင့် မျှော်လင့်ကြည်နူး
ပန်းချစ်သူ ဥယျာဉ်မှူး။
(၃-၁၀-၂၀၀၉) (မေ့သားလှ (ဇလဂ္ဂ)
(ဆရာသခင် ကျေးဇူးရှင် ဥယျာဉ်မှူးများသို့)
Sunday, October 17, 2010
မွေးရသလေ ငါအမေမှာဖြင့်
*မြိုင်တကြောမှာလ သာမောစွ ရပ်ခွင်တွင်
တောအဆိုင်ဆိုင် မြိုင်အဆင့်ဆင့်မို့
လေသင့်လို့ ကြိုင်လွှမ်းထုံ ခိုင်ပန်းပွင့်စုံ
ဒီတော-ဒီရဂုံ စိမ့်စမ်းစုံ အသွယ်သွယ်နှင့်
အမယ်မယ် တော-တောင်ပန်း ပွင့်ကြထုံမွှမ်း။
*ဒီစခန်း-ဒီတောတောင်မှာ
သမင်ကတောက် ချေကဟောက်နဲ့
မျောက်ကကြိုးခွေ ဒေါင်းအိုးဝေတို့
တေးဆိုသံနှော အထွေထွေသော
သားမျိုးစုံတို့ ကခုန်ပျော်မြူး ကြည်နူးစရာ
ရဂုံသာမော ဇာလိယဆိုတဲ့ ဒီတော။
*ပျော်ရွှင်သူအတွက် ပိုပျော်လျှက်
လွမ်းဆွတ်သူအတွက် ပိုလွမ်းလျှက်
ကြေကွဲသူအတွက် ပို၍ကြေကွဲလျှက်နှင့်
ပင့်သက်ရှိုက်မော ဇာလိယဆိုတဲ့ ဒီတော။
*ဒီတောဌာနီ ဒီရဂုံရပ်ဆီသို့
"မန္တာနီ" ပုဏ္ဏေးမ ငါအမေမှာဖြင့်
မေ့သားဆီ သွားမည်ဟဲ့ရယ်လို့ မြန်းခဲ့ပေရာ
ငါအမေဟာ မာတာမိခင်ပေမို့
ဗျာပွေစွာ ရှာဖွေကာ စခန်းအဖြာဖြာ သွားရသော်လည်း
နွမ်းကြမ္မာ လှိုင်းပမာ ဘယ်လိုပင် ရိုက်ခတ်လာစေဦးတော့
မမောနိုင်ပါ မပန်းနိုင်ပါ ဟိုဇာလိယ ဆိုတဲ့ တောမြိုင်အလယ်မှာ။
*ဟိုအရင်ခါ "အဟိံသက" လုလင်ကိုဖြင့်
မနာလိုဝန်တိုစွာ ဆရာ့တပည့်အပေါင်းတွေက
ဆရာကတော်နှင့် မဖွယ်မရာ ကာမာအရှုပ်ပွေတယ်ဆိုပြီး
ဂုံးချောကာ ဂျောက်တွန်းလို့ ကလိန်စေ့ဥာဏ်ဆင် အမှုတွင်
လိမ်ချင်ကြတာကြောင့် ဆရာသခင်ဟာ ခုပင်နှင်ချကာဖြင့်
သက်ဆိုးမရှည် ရတက်ညှိုးပွေရလေအောင်ပ
"လက်ညှိုးရေ တထောင်" ခုပင်ယူဆောင်ခဲ့ရမယ်လို့
ဆရာသမား မအပ်စကား မှာကြားခဲ့တာကြောင့်
"ဆရာ့အကြိုက်ဆောင် ပညာကြေးတန်ဆောင်"
ငါ တန်အောင်ဆပ်မည် အကြံနှင့်
"လက်ညှိုးပေါင်း တထောင်"
မခက်ပေါင် ကုံးသီနှောင် ထားမယ်ပရယ်လို့
အရပ်ရပ် အပြည်ပြည်မှာ အထပ်ထပ်ဖွေရှာ
လူသတ်ကာ သီတင်းကြီးလှပေတာကြောင့်
မဖြေသာ မနေသာ ပသေနဒီ ကောသလ မင်းကြီးမှာဖြင့်
စစ်ကြေငြာကာ ဒီတစ်ခါမလွတ်ရအောင်ပ
ရာဇဝတ်ကောင် "အင်္ဂုလိမာလ"ကို
မလွတ်တန်း ဖန်းဝရမ်း ထုတ်ခဲ့တာကြောင့်
မွေးရသလေ ဗျာပွေစွာ ငါ-အမေမှာ
တွေးဆကာ မနေအားခြေဘု
မြန်စွာမနား မေ့သားဆီ လှမ်းကြွ၍ တားရခြေပြီ။
*ဒီတစ်ချီ အမေအိုဆီပြေးကာပင်
"လက်ညှိုးရေ တထောင်ပြည့်မည် အထင်နှင့်"
အမေအိုကိုပင် ညှာမသနား ဖြတ်မည်တကားကားနှင့်ပင်
ထိုအစဉ် သုံးလူ့ရှင် မြတ်ဘုရားရယ်က
တကယ်သနား မေတ္တာတော်အားရယ်ကြောင့်
အင်္ဂလိမာလအနား အရောက်သွားကာ
တရားပြခဲ့သည်ပင်။
*ထိုသို့ပင် သားမိခင် နှစ်ဖြာကြားက တားရသည့်အရှင် ဘဂဝါဘုရားကို ဇွတ်မရှောင်ရမ်း ခပ်ကြမ်းကြမ်းနှင့်
ဟယ်…"ရဟန်းကြီး ရပ်ပါတော့
ဖမ်းဆီးကာသတ်ရမယ်ပေါ့"ရယ်လို့
အားမာန်ကုန် ပြေးလွှားကာ သတ်တော့မယ် တကားကားရယ်ကြောင့်
"အို ချစ်သား အင်္ဂုလိမာလ"
ငါက မပြေး သင်သာပြေး၏
သင်လိုက်သတ်လည်း ငါရပ်မြဲပင်။
"ဟဲ ချစ်သား အင်္ဂုလိမာလ"
အမိုက်ဇာတ်သိမ်း တရားမှတ်ကိန်းလော့။
မနှေးအသိ သတိရှိလော့။
သံသရာချုပ်ပြတ် ခရီးဇာတ်သိမ်း ငြိမ်းအေးရာမှန်
မြတ်နိဗ္ဗာန်ကို ထက်သန်ရည်ဇူး ကြည်နူးသောစိတ်ဖြင့်
ယ္ခုပင် သပိတ်ထမ်း "ဧဟိဘိက္ခု-ရဟန်း"
အသွင်ဆန်း ဆင်မြန်းပြီး
လှမ်းဝင်ခဲ့ ဇေတဝန်နန်း။
မြန်းချင်ခဲ့ အရိယာနွယ်ဝင်စခန်း။
*ဟော…ကောသလဘုရင် တောဝနဝင်
ဖမ်းရန်ပင် လာသည်နှင့်
ဆွမ်းခံဝင် အရှင်အင်္ဂုလိမာလကို
တွေ့မြင်ကာ ကန်တော့ဦးချ ဖူးမဝသော်လည်း
ဒေါသပြင်းထန် အော်ကျော့လန် ပြည်သူအပေါင်းတွေက
စုပေါင်းကာ ခဲ(ဂဲ) ကျောက်တွေနဲ့ ပစ်ပေါက်ကာ ရန်ငြိုးမပြေသေးတာကြောင့်
ကံဆိုးပါသလေ ပြန်ထိုးမချေ သည်းခံအားရယ်နှင့်
အကျည်းတန်စွာ ဖိစီးဒဏ်ရာ တအားနာကျင်စွာ ခံစားရှာရပေသမို့
ဘုရားရှင်ဟာ အနားတွင်မခွာ ခေါ်တော်မူပါ၍
ဒီဇမ္ဗူမှာ မီးဖွားသူတွေခမျာ လွယ်ကူစွာ မီးမြန်မြန်ဖွားရအောင်ပ
"ပရိတ္တံ ယံ ဘဏန္တဿ" အစချီဂါထာ သစ္စာပြုကာ
ရွတ်ဖတ်ကာ မြန်မကြာ အစွမ်းထက်တာကြောင့်
ကျွန်းဇမ္ဗူမှာ ကြည်ညိုသူတွေဟာ ပေါများလှပါဘိ
ပကတိလက်ရှိအနေ မွေးရသလေ ငါအမေ
မန္တာနီပုဏ္ဏေးမ မှာဖြင့်
သားမြတ်ရဟန်းကိုလ မွေးကျိုးရယ် တကယ်နပ်လှချည့်
အိုကွယ်…စိတ်ရွှင်ကြည် မြတ်ပီတိနှင့်
တကယ်ပင် အားရ ဝမ်းသာ ကျေနပ်လှပါဘိ။
မှတ်ချက်။ စု-တု-ပြု-ရေးသားမှုပင်ဖြစ်ပါ၏။
အကြောင်းအရာတို့က သပိတ်နံ့ အိတ်နံ့ မွှေးပျံ့နေမည် ဖြစ်ပါ၏။
ကျေးဇူးတင်ပါတယ်
(မေ့သားလှ-ဇလဂ္ဂ) ၁၈-၁၀-၂၀၁၀
Saturday, October 16, 2010
*ဖောင်းလိုက်ပိန်လိုက် ဤဝမ်းဗိုက်လို*
လာဘ-အလာဘ, ယသ-အယသ,
နိန္ဒံ-ပသံသာ သုခံ-ဒုက္ခံ, လောကဓံဟု
ခေါ်ကြလေရိုး ဤရှစ်မျိုးဖြင့်
မစွန်းမငြိ ကင်းလွတ်သည့်သူ မရှိမူတည့်။
မကောင်းကြုံလျှင် အားအင်ချိနဲ့
ကောင်းချည်းကြုံလျှင် ဘဝင်လေဟပ် မနေတတ်အောင်
တိုင်းထက်အလွန် မြောက်ချင်လွန်းကြ။
ဩော်….ဖောင်းလိုက်ပိန်လိုက် ဤဝမ်းဗိုက်လို
ကောင်းလိုက်-ဆိုးလိုက် ထွေးပိုက်ကြရဦးမှာပါတကား။
(မေ့သားလှ-ဇလဂ္ဂ) ၁၅-၁၀-၂၀၁၀
Friday, October 15, 2010
စေစားပိုင်နိုင် သူခိုင်းနိုင်လျှင်*
ဆည်မြောင်းသွယ်ဖောက် မြေကိုပေါက်ငြား လယ်သမားသည်
ရောက်လိုရာရာ ရေဇလာကို ကောင်းစွာလွယ်ကူ သွယ်တန်းယူသို့ ထို့တူ-လေးသမား သူ၏မြားကို
မီးအားပူပေး ဖြောင့်ညွတ်ကွေးအောင် သူလုပ်ဆောင်သို့
ဆောက်လိုရာရာ ဆောက်ချင်ရာကို လိုရာပြုငြား
လက်သမားသည် သစ်သားပုံသွင်း သူဖန်ဆင်းသို့
စိတ်-စေမရှိ သက်မရှိငြား ပကတိ-သစ်သား ရေနှင့်မြားကို
စေစားပိုင်နိုင် သူခိုင်းနိုင်လျှင် သက်ရှင်သောအား ဒို့လူသားမူ
ဆန်းပြားပေသော စိတ်မနောကို သဘောပိုင်ပိုင် ထိမ်းချုပ်နိုင်အောင် ကျင့်ဆောင်ဖွယ်ရာ ဘာဝနာကို
ဖန်ခါမပြတ် သင်ရှု့မှတ်လော့။
(မေ့သားလှ-ဇလဂ္ဂ) ၁၅-၁၀-၂၀၁၀
ဓမ္မပဒ သုခသာမဏေဝတ္ထုကို မှီငြမ်းပါသည်။
နွေဥသြနှင့် ဆောင်းဟေမာန်...
ပင်ရွက်ကြွေ ရိုးတန်ချီ မိုးယံဆီ နွေဥသြ
တွန်သံနှော သီကျူးပြန်
ဆောင်းပျောက်ခဲ့ဟန်။
မြူငွေ့ရယ် တလျှံလျှံ တောင်ပြန်ကာလေရူး
နွေဆော်ဦး ဆောင်းနှင်းခြွေ ရွက်ကြွေတို့ခိုစီး
ဒီခရီး အတူလျှောက်လှမ်း မောဟိုက်တနွမ်းနွမ်း။
နွေလရဲ့အားယူ အပူရဲ့အငွေ့လှုံ
မီးတောက်စုံ အစွယ်ကြား ဆောင်းရေသီတာများ…
"သြော်…နွေဦးဆောင်းရက် ဒွေးနှောယှက်ချိန်
စန်းရေခန်းစ ပန်းတွေလန်းကြ
ပုရစ်ဖူးတွေ စီရရီ ပွင့်တန်ချီ ရိုးတန်ထက်
ငုတဖက် ပိတောက်တဖက် အလှပြိုင်လျှက်။
ဟို…ဆောင်းနှင့်မိုးနှစ်ယံမှာ သူဘယ်မှာစံပြီး
တွန်သံမကြား ဥသြပျို ခမျာမှာလည်း
နွေတစ်ကြော့တွင်မှ ပလီပလာ တီတီတာတာ
မူယာပိုပုံပြောကာ စကားအလှတွေနှင့်
လူတကာနားဝမှာ ချိုသာစွာ မခါးရအောင်
သုတိသံသာ တေးကဗျာတွေဆင်လို့
တင့်စွနွေဦး အလှထူးကို တမြူးမြူးတသောသော
တေးသံနှောလျှက် ချီးကျူးသံဝေ ဟစ်သံခြွေယင်း"
ဆောင်းပြီးမှနွေ ရှိပါစေတော့
မိုးရေ အဖြစ်လည်း ပြန်လာမယ် တဲ့လေ။
(မေ့သားလှ-ဇလဂ္ဂ) ၂၉-၃-၂၀၁၀
Tuesday, October 12, 2010
လောကဓံလှိုင်း,
.
လှိုင်းထတာ ငါမမြင်လို
လှိုင်းအော်သံလည်း ငါမကြားလို
လှိုင်းပုတ်တာလည်း ငါမခံလို
လှိုင်းပေါ်ကိုလည်း ငါမတက်လို
လှိုင်းအောက်သို့လည်း ငါမဝင်လို
လှိုင်းယိမ်းတာလည်း ငါမကြိုက်
လှိုင်းခေါ်ရာလည်း ငါမလိုက်
လှိုင်းငင်ရာ ငါမနွဲ့
လှိုင်းနဲ့ငါ မတည့်ပေမဲ့
လှိုင်းတွေ့ရင် ငါကပြုံး
အဲဒါဘာကြောင့်တုန်း။
လောကဓံလှိုင်း ရို်က်ပုတ်တိုင်းဝယ်
အရိုင်းကြမ္မာ ဘယ်လိုလာစေ
ခိုင်မာစွမ်းအား ဇွဲသစ်များဖြင့်
နုထွားပျိုလျှက် ယုံကြည်ချက်နှင့်
ဆက်လက်အားမာန် ထက်သန်စိတ်ဓာတ်
မြင့်မြတ်နှလုံး ဇွဲကုန်ကျုံးသော်
နောက်ဆုံးပန်းတိုင် သင်လှမ်းနိုင်လိမ့်။
အသက်ရှင်ခိုက် လုံ့လစိုက်လော့
ထိုက်သင့်ချိန်ခါ ဖူးပွင့်လာမည့်
မာလာပန်းများ ရလာဘ်များကို
အားကြိုးမာန်နှင့် သင်မျှော်လင့်။
မေ့သားလှ (ဇလဂ္ဂ) 17-09-2010)
Saturday, October 9, 2010
မြွေပွေးပမာ သူယုတ်မာ
ပညာမျက်စိ မြင်မရှိ၍ မသိတရား
အယူမှားလျက် လှည့်ဖျားကောက်ကျစ်
လိမ်လည်-ညစ်တတ် စိတ်ဓာတ်ယုတ်မာ
ကျင့်သိက္ခာမဲ့ ကဲ့ရဲ့အပ်စွ လူ့ဗာလကို
ခဏပေါင်းသင်း ဆက်ဆံခြင်းပင် လက်ငင်းခုခါ-
သံသရာလည်း အမှားများစွာ ရှည်ဖို့သာတည်း။
ပမာပုံသွင် ဆိုရလျှင်မူ မစင်တွင်းဝ
မြွေပွေးကျ၍ တွင်းမှဆယ်ယူ ထိုသည့်သူကို
မြွေမူကိုက်ရာ မကိုက်ပါလည်း လက်မှာမစင်
ပေကျံထင်သို့, အသွင်တူစွာ လူယုတ်မာကို
ဘယ်ခါမချစ် ရန်သူစစ်သို့ မနှစ်သက်ပဲ
ဝေးစွာခွဲ၍ ရှောင်လွှဲဖယ်ကြဉ် ဥာဏ်ဖြင့်ယှဉ်ကာ
သံသရာတွက် ကောင်းကျိုးဆက်ဖို့
ခုနှယ်ကသာ ဒို့များစွာ အခါခါတွေးလို့
သတိအမြဲ ထင်ဟပ်စွဲကြပါစို့။
(မေ့သားလှ-ဇလဂ္ဂ) ၁၀-၁၀-၂၀၁၀
*အင်္ဂုတ္တရနိကာယ် တိကနိပါတ် (၇) ဇိဂုစ္ဆိတဗ္ဗသုတ်
စာမျက်နှာ ၁၂၄ ကို မှီငြမ်းပါသည်။*
Tuesday, October 5, 2010
.အမေ့ရင်ခွင်သာ
...
ပညာပြည့်ဝ နှလုံးလှဖို့
စာပေပညာ ကျင့်သိက္ခာနှင့်
ပညာဖုံဖုံ သင်နည်းစုံကို
သင်လာထပ်တူ ကြည်ဖြူလက်တွဲ
အားခဲကြိုးကုတ် စွမ်းအားထုတ်၍
မိုးချုပ်နေဝင် လေ့ကျင့်သင်ကာ
စဉ်လာကြီးမား ကျောင်းသားဘဝ
အားကျတုယူ ဖြစ်လိုသူတို့
မငြီးညူဘဲ အပြိုင်နွှဲရာ
တက္ကသိုလ်သာတည်း။
သူငယ်ချင်းချင်း လက်ချင်းသွယ်ယှက်
တွဲလျှက်ခေါ်ယူ ဖေးမကူဖြင့်
ကြည်ဖြူလျှက်သာ တက္ကသီလာကား
ပြည်သူ့အကျိုး ထမ်းသည်ပိုးဖို့
အမျိုးမာန ပုညဇာတိ ကမ္ဘာသိဖို့
အမျိုးကောင်းသား အမျိုးသ္မီးများနှင့်
တောက်ကြွားစုံစီ ဇွဲဇာနည်တို့
လှုပ်ရှားညီညာ တက်ကြွစွာဖြင့်
အနာဂတ်အတွက် ခရီးဆက်ဖို့
ဝင့်ကြွားဂုဏ်တင့် ဆင့်ဆင့်မြင့်ဖို့
ထင်ရှားဟုန်မြင့် တင့်သထက်တင့်ဖို့
မြှင့်တင်ပေးရာ မြကျွန်းသာတည်း။
ဇွဲမာန်ဇွဲသစ် အားသစ်စေသော
လွမ်းမောဖွယ်ရာ အမေ့ရင်ခွင်သာ…
ပညာရင်ရည်ချွန် အောင်တံခွန်လွှင့်
ရဲရင့်သူများ မွေးဖွားပေးရာ အမေ့ရင်ခွင်သာ…
အမြဲသစ်လွင် အမေ့ရင်ခွင်နန်း စာသင်ခန်းကို
လွမ်း၍တစ်ခေါက် ပြန်ရောက်ချင်ဘိ
ချစ်လိုလျှက်နဲ့ ခွဲရ၏။
တွေးလျှက်မြင်ရောင် လွမ်းမိ၏။
မှတ်ချက်။ (မိခင်တက္ကသိုလ် အသီးသီးနှင့် ဝေးကွာနေကြသော တက္ကသိုလ်ကျောင်းတော်သားများသို့)
(မေ့သားလှ (ဇလဂ္ဂ) 05-10-2010)
Saturday, October 2, 2010
: ♥♥ အလှကိုယ်စီ ♥♥♥
:
ဖိုးလမင်းလည်း
သူ့အဆင်းနှင့် အလင်းနှင့်
မီးတိုင်ငယ်လည်း
သူ့အရွယ်နှင့် အစွယ်နှင့်
စံပယ်ဖူးလည်း
သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်
ပိတောက်ဝါလည်း
သူ့အခါနှင့် နံ့သာနှင့်
မြစ်ပြင်နက်လည်း
သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်
စမ်းချောင်းခွေလည်း
သူ့ချောင်းရေနှင့် လောင်းလှေနှင့်
မည်သည့်အရာ မဆိုသာတည့်
သူမှာကိုယ်မှာ အလှသာတည့်
သဘာဝလျှင် အလှကိုယ်စီ
စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏
အလှဝန်တို မငြင်ငြိုနှင့်
ဝန်တိုမှုသာ မလှရာတည့်
သူဂုဏ် သူသိန် သူအရှိန်နှင့်
အချိန်အခါ နေရာဒေသ
ဋ္ဌာနအလျှောက် အရေးရောက်သည်
စွမ်းလောက်နိုင်သူ ချည်းပါတကား........
♥♥တင်မိုး♥♥
သူငယ်ချင်းမို့လွမ်းရပါသည်
မညာစတမ်း မကြာမကြာလွမ်း
အညာတမာတန်းက အခါအခါမှန်း
ချစ်ဖော်ကျွမ်း တစ်မြေသူ။
အခြားတစ်မြေမှာနေ ချစ်ကျွမ်းဆွေနှင့်
အနေဝေးသော်လည်း
အတွေးမှာပ အစဉ်ထာဝရ
ကျင်သူဆွေထံ အပြေးလာချင်လှ။
အင်း…တွေ့ချင်ပ မင်းရှိရာ လာချင်ပ ခဏလေး
မေ့မရ မြသဲညှာ လွမ်းစိတ်မှာတော့ တရေးရေး။
ထနောင်းရိပ်ဝေ အညာနွေ (အညာမြေ) အလှတွေနှင့်
အပေါင်းချစ်ဆွေ မာစေသာစေရယ်လို့
အလှဝေ မေတ္တာတွေချွေလိုက်ပ
စုံစွာစုံစွာ ဝေဆာဝေဆာ အလှပန်းတွေက
ရဂုံပြာပြာ စမ်းတမြမြလိုပ
အိုကွယ်…ချစ်သူငယ်ချင်းရေ
မှန်းဆ တမ်းတ လွမ်းရ။
(မေ့သားလှ 05-08-2010)
အညာမြေ သူငယ်ချင်းသို့ အမှတ်တရ
မညှိုးသိက္ခာ
ပျိုခြင်းလွင့်စင် အိုမင်းရင့်သွင်
အလှပင်မရှိ ဘဝတွင် အသိနဲ့
ရင့်ကျက်သောနှလုံးသား
မြင့်မြတ်သော စိတ်ထားဖြင့်
မညှိုးသိက္ခာ မြတ်ဂုဏ်ဝါကို
ကမ္ဘာတည်သည့်တိုင်
မယိမ်းယိုင်ဘဲ
ဆက်လက်စွဲကိုင်နိုင်ပါရစေ။
မေ့သားလှ (ဇလဂ္ဂ) 1-10-2010)
Sunday, September 26, 2010
ဆရာဒကာ နှစ်ဖြာပါမှ
(၁) ကြယ်ညီလာသဘင် ခင်းတဲ့ည
လမင်းသာမှ လှပေလိမ့်။
(၂) ပန်းမြိုင်လယ်က-တော
စန္ဒကူးပေါမှ
ပင့်သက်ရှိုက်ထွေး ပို၍မွှေးလိမ့်။
(၃) ပန်းဆက်စေရာ နန်းထက်ရဝေဟာ
ပန်းသပြေပါမှ လန်းစေပါလိမ့်။
(၄) ဘိုးဘွားအမွေ ဒို့တိုင်းပြည်ဟာ
မျိုးဇာတိဂုဏ် ကိုးစားယုံမှ
စွမ်းအင်ပြည့်မောက် ဂုဏ်ရောင်တောက်လိမ့်။
(၅) ရှင်စောမြတ်စွာ သာသနာ
ဆရာဒကာ နှစ်ဖြာပါမှ
သာယာဖြိုးမောက် လွန်ထွန်းတောက်လိမ့်။
မေ့သားလှ (ဇလဂ္ဂ) 27-09-2010)
လှိုက်ခုန်ကြည်နူး အရထူးခဲ့
လေးအသင်္ချေ သိန်းနေကမ္ဘာ
ရှည်ကြာကာလ သမယ၌
ဆယ်ဝပါရမီ စုံညီရင့်ကျက်
တောထွက်စွန့်လွှတ် ကိလေညွတ်မှ
ကင်းလွတ်ပေစွ သိဒ္ဓတ္ထ၏
ဗုဒ္ဓအဖြစ် ပွင့်ထွန်းသစ်ရာ
မြေမြတ်မဟာသို့
ကြုံလာရောက်တိုင်း ရင်ဝယ်လှိုင်းခတ်
သဒ္ဓါဓာတ်တို့  မပြတ်ဖြစ်ရ။
မြတ်လှစေတီ မွေသရီကို
ပန်းချီပန်းပု အစုစုနှင့် အနုလက်ရာ စုံစွာထုဆစ်
ကျောက်ဆစ်ပညာ အံ့ဖွယ်ရာကြောင့်
ဖုးမဝပေ လွမ်းလျက်တွေမိ
ပီတိအဟုန် ရင်ခုန်ဆွတ်ပျံ့ စိတ်မတံ့နိုင်။
စေတီမဟာ အတွင်းမှာမူ
လိုဏ်ဂူသဖွယ် အံ့ဖွယ်တည်ပြု
သွန်းထုလေပြန် ရုပ်ပွားဟန်ကား
ရောင်လျှံကြွကြွ မြတ်ဗုဒ္ဓ၏
ငြိမ်းချမ်းစွပုံ တည်ကြည်ပုံကို
ကြည်ယုံဦးခိုက် ဖူးမျှော်လိုက်စဉ်
ငါ့ရင်သိမ့်တုန် ပီတိဟုန်ဖြင့်
လှိုက်ခုန်ကြည်နူး အရထူးခဲ့။
သမိုင်းကြွယ်ဝ မဇ္ဈိမသို့
အလှဝေစည် မြတ်စေတီသို့ 
လေပြည်ငြိမ့်သွင် သည်ရင်ပြင်သို့
သုငါရောက်ဖူး လာခဲ့ ဖူးဟု
ကြည်နူးစိတ်တွင် အရိပ်ထင်၍္ပ
လန်းရွှင်ပီတိ ဂွမ်းဆီအိခဲ့။
(မေ့သားလှ (ဇလဂ္ဂ) 1-1-2010)။