Tuesday, November 9, 2010

ခြိုးခြံစွာကျင့်သုံးရေးလမ်းညွှန်..

ခြိုးခြံစွာကျင့်ခြင်းသည် ကောင်းမြတ်သော တပ မင်္ဂလာ မည်ပါ၏ ထိုမင်္ဂလာမှ စ၍ နောက်ပိုင်းမင်္ဂလာများသည် နိဗ္ဗာန်တည်းဟူသော အေးငြိမ်းချမ်းသာရေးသို့ ဦးတည်ညွှန်ပြသွားပြီး ဖြစ်သည် မိမိသန္တာန်မှာ အဘိဇ္ဈာ ဒေါမနဿ စသည် အကိုသိုလ်တရားများဖြစ်ပေါ်မလာနိုင်စေရန် မျက်စိ နား နှာ လျှာ ကိုယ် စိတ်ဟူသော ဒွါရ(၆)ပါးကို လုံးခြုံအောင် စောင့်ထိန်းနိုင်ခြင်းသည် တပေါစ အကျင့်ကိုကျင့်ခြင်းဖြစ်သည် ဒွါရ(၆)ပါးကိုစောင့်ရှောက်နိုင်လျှင်က္ကန္ဒြိယသံဝရသီလဖြစ်မည် မိမိတို့သန္တာန်မှာ ကြည့်ချင်သမျှမကြည့်ဖြစ်အောင် စာချင်းသလောက်မစားဖြစ်အောင် တွေးချင်းတိုင်း တွေးမနေရအောင် စိတ်ကိုထိန်းသိမ်းစောင့်ရှောက်နိုင်ရန် "သတိ"လို၏ ထို့ကြောင့် သတိသည်လည်း"တပ"အမည်ရ၏

ပညာသင်ကြားရာမှာဖြစ်စေ၊အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်ဆောင်ရွက်ရာမှာဖြစ်စေ၊ ကောင်းမှု့ကုသိုလ်တရားများဆောင်ရွက်ရာမှာဖြစ်စေ ပျင်းရိခြင်းကို ကောင်းစွာ တွန်းလှန်ပယ်သတ်နိုင်သည့် ထက်သန်သောဝီရိယလို၏ ထို့ကြောင့် ဝီရိယ သည်လည်း တပ အမည်ရ၏

သို့ဖြစ်၍ တပ အမည်ရသော အကျင့်တရားများတွင်သတိနှင့်ဝီရိယသည် အဓိကဖြစ်သည် မျက်စိစသော က္ကုနြေ္ဒတို့ကို သတိတရားနှင့်စောင့်ထိန်းနိုင်ခြင်း ထက်သန်သောလုံးလဝီရိယရှိခြင်းတို့နှင့်ပြည့်စုံသောပုဂ္ဂိုလ်ကို တပမင်္ဂလာ နှင့်ပြည့်စုံသောပုဂ္ဂိုလ်ဟုဆိုအပ်သည် လုံးလဝီရိယမရှိပျင်းရိခြင်း ပျင်းရိပေါ့တန်ခြင်းနှင့် နိဗ္ဗာန်သည် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်၏ ပျင်းရိခြင်းသည် အသက်ရှင်၍နေသောသူ၏ သချိုင်းဖြစ်သည် ဟုပညာရှိစကားရှိ၏ ပျင်းရိသောသူသည် အသက်ရှင်လျှက်သေနေသော သူနှင့်သာတူလေသည် အချို့ကလည်း ပျင်းရိခြင်းသည် သံချေးနှင့်တူ၏ အကြောင်းမူကား အလုပ်ပင်းပန်း၍ နွမ်းနယ်သည်ထက် ပျင်းရိခြင်းသည် ပိုမိုပင်ပန်းအောင် ပြုလုပ်သောကြောင့် ဟုဆိုထားသည်

လောကီကြီးပွားရေးမှာပင် မည်သည့်အလုပ်ကိုမျှအတည်တကျကြိုးပန်းဆောင်ရွက်ချင်စိတ် မရှိသည့်လူပျင်းအား လူလူချင်းမဆိုထားဘိ နတ်သိကြားများပင် ကြီးပွားအောင် စောင်မ မကြည့်ရူနိုင်ပေ ပျင်းရိသူသည် မကောင်းမူ့ဒုစရိုက်မှန်သမျှ ပြုလုပ်လွယ်သူဖြစ်၏ လူတို့၏စိတ်မှာ အကောင်းကိုမကြံလျှင် အဆိုးကိုတာကြံတတ်သော သဘောရှိ၏ ပျင်းရိသောသူသည် အဆိုးကိုသာအကြံများ၍ သူတို့၏စိတ်သည် မကောင်းမူဒုစရိုတို့ပျော်ပါးကျက်စားရာ ဥယျာဉ်ကြီးနှင့်တူနေတော့၏ သို့ဖြစ်၍ အခြားသူတို့မှာ ဒုစရိုက်ကသွေးဆောင်ရသော်လည်း ပျင်းရိသောသူသည်ကားဒုစရိုက်ကိုမိမိထံရောက်အောင်သွေးဆောင်တတ်သည် ဟုပညာရှိတို့ဆိုကြ၏

ပျင်းရိခြင်းသည် အကျိုးယုတ်စေမှန်း လူတိုင်းသိသော်လည်း ပျင်းရသည်ကိုပင် အရသာ သဖွယ်မှတ်ထင်၍ သိလျက်နှင့် ပျင်းနေကြခြင်းဖြစ်သည် ပျင်းရိခြင်းနှင့် ဆင်းရဲခြင်းသည် မခွဲမခွာအမြဲပေါင်းနေရသော အဆွေခင်မွန်းကောင်းကြီးများဖြစ်ကြောင်း သတိမူသင့်၏

ပျင်းရိခြင်းကို ပယ်ဖျောက်ရန်မှာ အလုပ်လုပ်ဖို့ဖြစ်၏ အပျင်းသည် အလုပ်ကိုကြောက်သည် အလုပ်တစ်ခုခုရှိသည့်အခါ အချိန်ဆွဲ၍ ပျင်းမနေဘဲ ချက်ချင်းစလုပ်လိုက်ပါက ပျင်းရိခြင်းဓာတ် ပျောက်ကွယ်သွားကြောင်း တွေ့ရပေမည် အလုပ်လုပ်နေသောသူကို မလုပ်သောလူပျင်းသည် အလိုလိုရှက်ကြောက်ရိုသေသကဲ့သို့ အပျင်းဓာတ်သည်လည်း အလုပ်ရှင် မိမိသန္တာန်၌ တစ်စစ လျော့ပါးသွားလိမ့်မည်

လူသည် အလုပ်လုပ်နေမှ ဂုဏ်သတင်းပျံ့မွှေး၏ အလုပ်မလုပ် ပါကဂုဏ်မရ ကျက်သရေမရှိ တဖြည်းဖြည်း ဆုတ်ယုတ်တိမ်မြုတ်တတ်လေသည် အလကားနေ၍ရသောအပေါစား အားလပ်ခြင်းမျိုးသည် အနားယူခြင်းမဟုတ် ခါးစပ်ပူလောင်သော ဝန်လေးခြင်းကိုသာ ဖြစ်စေ၏

ဓမ္မဒူတဆရာတော် အရှင်ပညာဇောတ၏ အနားယူခြင်းမှာ အလုပ်ကို တစ်မျိုးပြီးတစ်မျိုးပြောင်းလုပ်ခြင်း ဖြစ်သည်ဟုဆို၏ စာရေးရာမှပင်ပန်းလျှင် တရားထိုင်၏ စာဖတ်ခြင်းမှပင်ပန်းလျှင် စာချ၏ စာချရာမှ အနားယူလိုလျှင် တရားထိုင်၏ စသည်နည်းဖြင့်အလုပ်အားလုံးပြီးစေသော အနားယူနည်းမှန်ကို တွေ့ရပေမည်

ဘာသာဋီကာကျမ်းပြုဆရာတော်အရှင်ဇနကဘိဝံသကမူ အလုပ်မလုပ်နိုင်တဲ့အချိန်ထိအသက်ရှင်မနေလို ဟုရဲရဲတောက် အာဇာနည်စကားကိုမိန့်ကြားခဲ့၏

ဝီရိယရှိလျှင် မပြီးစီးမအောင်မြင်နိုင်သော အလုပ်မရှိ ဟူသောစကားကို လေးစာလိုက်နာအပ်သည်၊ ပြုဘွယ်ကိစ္စမှန်သမျှ သတိရှေ့သွားဖြင့်ထက်သန်သော လုံးလဝီရိယကို အားထုတ်လုက်ကိုင်ကြလျှင် အရာရာပြီးစီးအောင်မြင်ရမည်။

သတိ ဝီရိယနှင့်က္ကုနြေ္ဒကိုစောင့်ထိန်းနိုင်သော ပုဂ္ဂိုလ်မြတ်၏ သန္တာန်မှာ လောဘ ဒေါသ စသည်တို့အားနည်းခေါင်းပါးစေ၏ က္ကုနြေ္ဒကိုစောင့်ထိန်းနိုင်ခြင်းသည် လွန်စွာကျေးဇူးများ၍ က္ကုနြေ္ဒကိုမစောင့်ထိန်းနိုင်ခြင်းသည် အပြစ်အလွန်များ၏ မစောင့်ထိန်းနိုင်သူမှာ လောဘ ဒေါသစသည်တို့ထူပြောထကြွ သောင်းကျန်းကြကုန်သည် ။

မျက်စိ၌ မှီ၍ဖြစ်သော လောဘအာရုံကြောင့် လိုချင်တပ်မက် နှစ်သက်ဖွယ်အဆင်းကိုတောင်းတ၏ စွဲမက်ယူငင်သိမ်းပိုက်ချင်၏ ထိုသို့မရသေးသောအာရုံကိုရလို ပိုင်ဆိုင်လိုမှု ရရှိပြီးသောအာရုံကိုစွဲမက်ခင်တွယ်မှုကြောင့် တဏှာရမ္မက်နှင့်ဆောက်လုပ်ထားသောသတ္တဝါတို့မှာ ဆင်းရဲတွင်းအမျိုးမျိုးသက်ဆင်းကြရသည် ဒုက္ခနှင့်တွေ့ကြရသည်။

ထို့အတူ နား နှာ လျှာ ကိုယ် စိတ်တို့မှာ မှီ၍ဖြစ်သော အသံ အနံ့ အရသာ အထိအတွေ့ အကြံအစည်တို့ကို လိုချင်တောင့်တကြရင်းနှင့် ဆင်းရဲ့တွင်းနက်ကြရလေသည်။

သို့ဖြစ်၍ အာရုံအမျိုးမျိုးတို့ကို မလိုလား မတောင့်တ စွဲလမ်းမူ့မရှိအောင် စက္ခုစသောဒွါရခြောက်ပါးတို့ကို သတိ ဝီရိယ ဖြင့်ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် တပ မည်သောအကျင့်တရားဖြစ်လေသည်

"တပေါ စ"ဂုဏ်နှင့်ပြည့်စုံသော ရဟန်း ရှင် လူတို့မှာ ကျင့်နိုင်စွမ်းသလောက် ဆင်းရဲခြင်းမှ လွတ်မြောက်၍ ကြီးပွားချမ်းသာ အစစ်အမှန်ကိုရနိုင်၏

ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာဖြစ်ကြောင်းပါရမီဆယ်ပါးအပါအဝင်ဖြစ်သည့် ဝီရိယပါရမီကိုပြည်စုံအောင် ထောင်ထောင်မတ်မတ် ဖြည့်ကျင့်သင့်၏ သို့မှသာ သတိ ဝီရိယတည်းဟူသော တပ မင်္ဂလာနှင့်ပြည့်စုံ၍ လောကီ လောကုတ္တရာ ကြီးပွားချမ်းသာကို ရစေမှာ အမှန်ပင်ဖြစ်ပေသတည်း။………………………..

အရှင်ဓမ္မပီယ(မြောင်)

ကြီးပွားချမ်းသာမင်္ဂလာလမ်းညွန်းစာအုပ်မှ...

1 comment:

  1. အင်း ...
    ပျင်းရိခြင်းမှ နိုးထဘို့  ဆိုတာက အမိုက်မှောင်ထဲကနေ ရုန်းထွက်ဖို့ 
    ဆိုတာနဲ့ အတူတူပါပဲ၊ တစ်သံသယာတလျှောက်လုံး မကောင်းတဲ့  အာရုံ
    တွေမှာသာ ပျော်မွေ့ နေတတ်တဲ့  ကျွန်တော်တို့  လောကီသားတွေက
    အခုဘဝကျမှ တစ်ထိုင်ထဲ ချက်ခြင်းရုန်းထဘို့  ဆိုတာတော်တန်ရုံ
    ပါရမီ နဲ့  မရနိုင်ပါ လို့ ။

    ReplyDelete