Monday, October 11, 2010

သပိတ်မှောက်သင့်ပြီ..

အင်း….ညကစိတ်ထဲမှာဒီလိုတွေးမိတယ်။ ဘယ်လိုများတွေးမိလဲဆိုတော့ အင်း… ပြောပြရမှာ ရှက်တောင်ရှက်တယ် ရှက်လဲမရှက်ပါဘူးပြောတော့ပြောပြရမှာပဲ ဘယ်လိုများတွေမိလဲဆိုတော့ ဂင်္ဂါဝါဠုသဲစုမကဘုရားရှင်တွေလဲ အဆူဆူပွင့်ခဲပြီးပြီ ဒီလောက်များတဲ့ဘုရားတွေပွင့်ခဲ့တာတောင်ခုချိန်ထိ ပေကပ်ကပ်နဲ့ ငါဘာလို့သံသရာမှာ မကျွတ်မလွတ်ကျန်နေခဲ့တာပါလိပ်လို့ပေါ့ ဘုရားတွေပွင့်နေတဲ့အချိန်မှာလဲ ဘယ်ချောင်ကြားကပ်ပီးကျန်နေမှန်းမသိဘူး ကျွတ်ချိန်မတန်သေးလို့လိုပြောရင်လဲရပါတယ်။ ဘယ်တော့ကျွတ်ချိန်တန်မှာလဲ ဘာကြောင့်ကျွတ်ချိန်မတန်သေးတာလဲဆိုတာတော့တွေးဘို့ကောင်းတယ် တွေးလဲတွေးကြည့်မိပါတယ်။ တွေးမိလိုက်တာက ငါဟာသံသရာတလျှောက် လောဘ ဒေါသ မောဟ ဆိုတဲ့ ပင်လယ်ကြောမှာမျောနေခဲ့လို့ မကျွတ်လွတ်ဘဲကျန်နေခဲ့တာကိုး ဒီတရားတွေနဲ့မကင်းတရွေ့သတ္တဝါတွေဟာ သံသရာဝဋ်က လွတ်မထွက်နိုင်သေးဘူးလို့ပြောရမှာပဲ။ အဲလိုလေးတွေးပြီး ဒီလောဘ ဒေါသ မောဟနဲ့ပတ်သက်လို့ ဆက်စပ်ပြီး ထပ်တွေးလိုက်သေးတယ်။ ဘာတွေလဲဆိုတော့ အထူးသဖြင့်ဒီတရားတွေထဲမှာ…………..

၁။အာရုံငါးပါး ကာမဂုဏ်တရားတွေကို တွယ်တာတပ်မက်ပြစ်မှားတတ်တဲ့ အဘိဇ္ဈာ

၂။အမျက်ဒေါသ ရန်ငြိုး အာဃာတ လို့ခေါ်တဲ့ ဗျာပါဒ

၃။စိတ်ဓာတ်တွေကျဆင်းပြီး ထိုင်းမှိုင်းလေးလံခြင်းဆိုတဲ့ ထိနမိဒ္ဓ

၎။စိတ်တွေကို တုန်လှုပ်ပျံ့လွင့်နေခြင်းနဲ့ ပြီးခဲ့ပြီးတဲ့ ကိစ္စတွေကိုနောင်တရခြင်း ပူပန်ခြင်းဆိုတဲ့ ဥဒ္ဓစ္စ

၅။ဘာကိုမျှဆုံးဖြတ်လို့မရအောင် သို့လော သို့လောတွေးတော တွေဝေနေတတ်တဲ့ ဝိစိကိစ္ဆာ

ဒီကောင် ငါးကောင်ဟာ မဂ်ဖိုလ်ကိုတားဆီးပိတ်ပင်တတ်တဲ့ နီဝရဏတရားများလို့ခေါ်တယ်။ ဒီကောင်တွေကြောင့် သတ္တဝါတွေက သံသရာမှာအဆက်မပြတ်လည်ပတ်နေရတာ ဒီကောင်တွေတော်တော်ဆိုးတယ် ပြီးခဲ့ပြီးတဲ့ ဘဝတွေကို မပြောတော့ဘူး။ ခုဘဝမှာကိုပဲ နှစ်ပေါင်း (၂၀)ကျော်ပြီ ငါ့ကိုဒုက္ခပေးနေတာ အော် ငါ့အသက်က ၂၀ကျော်မို့ ၂၀ကျော်ပြောတာနော် ဒီလောက်ဆိုးတဲ့ ငနဲသားတွေ ငါ့ကိုဒုက္ခပေးနေလို့ သပိတ်မှောက်ရမယ် ငါတင်မကဘူး။ ဒီကောင်တွေကြောင့်ဒုက္ခရောက်နေတဲ့ သက်ရှိအရာအားလုံးလဲ ဒီကောင်တွေကိုသပိတ်မှောက်သင့်တယ်။ ဒီကောင်တွေကတော့ သပိတ်မှောက်ရင် တနည်းမဟုတ်တနည်း မှောက်ထားတဲ့သပိတ်ကိုပြန်လန်အောင်လုပ်မှာပဲ။ ဒီကောင်တွေ သပိတ်ပြန်မလှန်နိုင်အောင် သတိ ဆိုတာလေးတော့မပြတ်ကပ်နေဘို့လိုတယ်နော်။ အော် သပိတ်မှောက်တယ်ဆိုလို့ ကျန်တာတွေသွားမတွေးနဲ့နော်။ ကိုယ်ပြောခဲ့တဲ့ ဦးလောဘ ဦးဒေါသ အစရှိတဲ့ကောင်တွေကိုပြောတာနော်။ ဒီကောင်တွေကြောင့် ဒို့တွေသံသရာအဆက်ဆက် ဒုက္ခရောက်ခဲ့ကြရတယ်။ သက်ရှိအရာအားလုံးကိုဒုက္ခပေးတဲ့ ဒီငနဲသားတွေကို ဒို့တွေသပိတ်မမှောက်သင့်ဘူးလား သပိတ်မှောက်ဖို့ကောမပြင်ဆင်သင့်ဘူးလား သပိတ်မှောက်ဖို့ပြင်ဆင်ကောနေပြီလား။ ဒီကောင်တွေကိုသပိမှောက်နိုင်တဲ့သက်ရှိအရာအားလုံးကတော့ တစ်နေ့မဟုတ် တစ်နေ့တော့ စက်ဆုတ်ဖွယ်ကောင်းတဲ့သံသရာကကျွတ်မှာ မလွဲဧကန်……

သပိတ်မှောက်ဖို့မပြင်သေးတဲ့လူတွေကိုတော့နဲနဲပြောလိုက်အုံးမယ်နော် ဒီကောင်တွေကြောင့်ဒို့ကျခဲ့ရတဲ့မျက်ရည်တွေဟာ သမုဒ္ဒရာထဲမှာရှိတဲ့ရေတွေထက်များခဲ့ပြီ ဒို့ကျခဲ့တဲ့မျက်ရည်တွေကိုသမုဒ္ဒရာထဲမှာရှိတဲ့ရေတွေနဲ့နှိုင်းရင် သမုဒ္ဒရာထဲကရေးတွေကိုသနားတယ်လို့ပြောလိုက်ချင်တယ် ဘာလို့လဲဆိုတော့ ဒို့ကျတဲ့မျက်ရည်တွေက အဲဒီရေတွေထက် အစပေါင်းမကများလွန်းလို့ပေါ့ ဒီကောင်တွေကြောင့်ဒုက္ခရောက်နေတာသိပါတော့။ အိပ်နေတယ်ဆိုရင်အိပ်ရာကထပါတော့ သတိလေးကပ်ပြီး စဉ်းစားကြပါတော့ ခုချိန်ဟာ စဉ်းစားဘို့အလွန်ကောင်းတဲ့ အခါသမယလို့ပြောလို့ရပါတယ် ဘုရားရှင်သာသနာပွင့်ထွန်းနေတဲ့အချိန်မှာ ဒို့တွေ အချိန်ကောင်း အခွင့်ကောင်းကိုလဲရ ရှိထားပြီလေ မနုဿတ္တ ဘာဝေါ ဒုလ္လဘော လူ့အဖြစ်ကရခဲတယ်တဲ့ ။ ကဲ ရခဲ့တဲ့ဘဝကို ဒို့ရနေပြီ။ နောက် သဒ္ဓမ္မ သဝနံ အတိဒုလ္လဘံ သူတော်ကောင်းတရားကိုကြားနားဘို့ရာကြပိုခက်ခဲတယ်တဲ့။ ကဲဒို့တွေခုချိန်မှာ သူတော်ကောင်းတရားတွေကို ဘယ်လိုနည်းနဲ့နာကြားမလဲ။ တရားပွဲတွေသွားမလား။ တရားစီဒီခွေတွေနဲ့ နာယူမလား။ အင်တာနက်ကတဆင့်နာယူမလား။ ကဲဒီလောက်ကောင်းတဲ့အခါသမယကို မိမိရရ အသုံးမချရင်တော့ အမောင် မင့်သဘော …ဒို့တော့ ဒို့ဘဝကိုသံသရာအဆက်ဆက်ဒုက္ခပေးနေတဲ့ ဒီငနဲသားတွေကို သပိတ်မှောက်ဖို့ပြင်ပြီးဗျာ……………..။

1 comment:

  1. သပိတ်မှောက်သင့်ပြီ ဆိုလို့ လန့်သွားတာဘဲ ဆွမ်းဟင်း မကောင်းလို့များ မှောက်တာလား ဒါမှမဟုတ် ဟိုဟာတွေကို ဆန့်ကျင့်ချင်လို့ မှောက်တာလား လို့ ဖြေးဖြေးပြောပါ ဆရာရယ် မှောက်ပါမှောက်ပါ ထောက်ခံပါတယ်

    ရွှေစင်ဦး

    ReplyDelete