Friday, September 24, 2010

စည်းကမ်းသည် လူရဲ့တန်ဘိုး


လူတစ်ယောက်ရဲ့တန်ဘိုးသည် စည်းကမ်းရှိ မရှိပေါ်တွင်များစွာတည်နေသည် စည်းကမ်းရှိသောသူသည် တန်ဘိုးရှိသောသူဖြစ်၍ စည်းကမ်းမရှိသောသူသည် တန်ဘိုးမဲ့သောသူဖြစ်သည်

စည်းကမ်းဆိုသည်မှာ ယဉ်ကျေးသောလူ့အဖွဲ့အစည်းများ၌ လက်ခံကျင့်သုံးကြသော ကျင့်ဝတ်များကိုခေါ်သည် ကျင့်ဝတ်ဆိုသည်မှာ လူလူချင်း ပေါင်းသင်းဆက်ဆံရာ၌ ကျင့်သုံးသော ဝန်ခံကတိပြုချက်များပင်ဖြစ်သည်

ယင်းကျင့်ဝတ်တို့သည် စိတ်ပိုင်းဆိုင်နှင့် ရုပ်ပိုင်းဆိုင်ရာ လူမူ့ရေး ကိစ္စ အဝဝတို့၌ ကျင့်သုံးသော စရဏတရားများပင် ဖြစ်သည် လူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မူနယ်ပယ်မှာ စရဏပိုင်းဆိုင်ရာ စာရိတ္တများကို ဘေးဖယ်လိုကြသည် စရဏတရားဆိုသည်မှာ ကိုယ့်ကျင့်စာရိတ္တပင်ဖြစ်သည် စာရိတ္တကောင်းမွန်ခြင်းဆိုသည်မှာ မကောင်းမူ့ကို မလုပ်ဘဲ ကောင်းသော မှန်ကန်သော အလုပ်ကို လုပ်ခြင်းပင်ဖြစ်သည် ယနေ့ခေတ် အခြေအနေအရ စရဏတရားများကိုပင် လက်မခံလိုကြသူ များလာပေသည် စရိတ္တပျက်ပျက်ပြားခြင်းသည် ကူးစက်ရောဂါပမာ တစ်ဦးစတ်ယောက် မှစ၍ တိုင်းပြည် ကမ္ဘာအဝှမ်း လွှမ်းခြုံလျှက်ရှိပါသည် စရိတ္တပျက်ပြားခြင်းနှင့် အတူ အမျိုးဘာသာ သာသနာနှင့် ပတ်သက်သော ယဉ်ကျေးမူ့များလည်း ပျက်စီးယိုယွင်းလာလျှက် ရှိပါသည် ယဉ်ကျေးမူ့ဆိုသည်မှာ လူရှေ့သူရှေ့တွင် ကိုယ်ကိုညွတ်၍သွားခြင်း လက်အုတ်ချီခြင်း ဖိနပ်ချွတ်ခြင်း အရိုအသေပြုခြင်းမျှကို ယဉ်ကျေးခြင်းဟု သတ်မှတ်ထား၍မရပေ ကိုယ်ဟန်အမူအရာ ယဉ်ကျေးခြင်းကို ပြုရမည် မှန်သော်လည်း အမှန်တကယ်ယဉ်ကျေးခြင်းသည် မိမိတို့စိတ်မှာတည်ပါသည် စိတ်ကောင်းနှလုံးကောင်းရှိမှ တကယ်ယဉ်ကျေးပါသည် စိတ်ကောင်းနှလုံးကောင်းမရှိပါက တကယ်ယဉ်ကျေးသူမဖြစ်နိုင်ပါ ဟန်ဆောင်ယဉ်ကျေးခြင်းသည် ကြာမြင့်စွာမတတ်နိုင်ချေ

အမှန်တကယ်ယဉ်ကျေးသောသူသည် သူတစ်ဖက်သားကို စိတ်မချမ်းမသာဖြစ်အောင် မခံသာအောင် မလုပ်ပေ

မိမိအတွက် တစ်ပါးသူအား တာဝန်ပိမှာ အနှောက်အရှက်ဖြစ်မှာစိုး၏ လူအချင်းချင်း ကြင်နာထောက်ထား သနားညှာတာသောစိတ်ရှိ၏

မိမိတို့မြန်မာလူမျိုးများစွာမှာ ယဉ်ကျေးသောလူမျိုးဟူ၍ ဥပုသ် သီလကြီးများကို စောင့်ထိန်းနေတတ်ကြသော်လည်း တစ်ယောက်ကိုတစ်ယောက် စိတ်မချမ်းသာအောင်ပြုတတ်သော အချက်များစွာ ရှိလေသည်

မပင့်မခေါ်ဘဲ အိမ်လည်သွား၍ ကြာမြင့်စွာနေတတ်ခြင်း သူတပါးအလုပ်၌ဝင်စွက်ခြင်း မသိစေချင်၍ တိုးတိုးပြောသည်ကိုမှ သိအောင်နားထောင်လိုခြင်း စာရေးစာဖတ်နေသူ၏ နောက်မှ ကပ်ခါ ငုံ့၍ စာဖတ်တတ်ခြင်း စသည့် လူတစ်ဖက်သားကို အနှောင့်အယှက်ပေးတတ်သော အကျင့်များစွာ တွေ့ရ၏

လူ့လောက၌ အလိုက်သိခြင်းသည် နေရာတကာ ဝင်ဆန့်၏ အလိုက်မသိ မဆင်မခြင် ထင်ရာပြောဆိုလျှက် ရဲတင်းလွန်းအားကြီးလျှင် တစ်ဖက်သား စေတနာပျက်တတ်လေသည် လူတစ်ဦးတစ်ယောက်၏ ခင်မင်မူ့ကို အခွင့်အရေးယူ၍ ကဲလွန်းစွာ အသုံးချလျှက် နိုင်လိုမင်းထက်မပြုအပ်ပေ သဘောကောင်းသဖြင့် မပြောမဆိုနေသောသူများကို အားမနာလျှာမကျိုး အနှောက်အရှက်ပေးခြင်းသည် ရိုင်းစိုင်းသော အပြုအမူတစ်ရပ်ဖြစ်သည်

ယဉ်ကျေးဖွယ်ရာ ကိုယ့်ကျင့်စာရိတ္တကောင်းသူကို လူအများချစ်ခင်ကြသည် တန်ဘိုးထားကြသည် လူဖြစ်စေ ရဟန်းဖြစ်စေ ဆိုင်ရာကျင့်ဝတ်စည်းကမ်းသိက္ခာများကို ဖြည့်ဆည်းနေသူတို့အား လူအများလေးစားတန်ဘိုးထာကြမှာ မလွဲဧကန်ဖြစ်ပေသည်

ဝိနည်းအကျင့်ရှိတာမင်္ဂလာ

စည်းကမ်းကျင့်ဝတ်ကိုကောင်းစွာသင်ယူခြင်း လိုက်နာကျင့်သုံးခြင်းသည် ကောင်းမြတ်သော သုသိက္ခိတ ဝိနယ မင်္ဂလာမည်၏

ကျင့်အပ်သော ဝိနည်းစည်းကမ်းတို့မှာ

၁။လူတို့ ကျင့်သုံးအပ်သောဝိနည်း

၂။ရဟန်းတို့ကျင့်သုံးအပ်သောဝိနည်း ဟူ၍နှစ်မျိုးရှိသည်

လူတို့ကျင့်သုံးအပ်သော ဝိနည်းဟူသည်မှာ ဒုစရိုက်တရား(၁၀)ပါးကို ရှောင်ကြဉ်၍ သုစရိုက်တရား(၁၀)ပါးကို ကျင့်သုံးခြင်းပင်ဖြစ်သည်

၁။သူ့အသက်ကိုသတ်ခြင်း ၂။ သူတပါးပစ္စည်းခိုးခြင်း ၃။သူတပါးသားမယားလွန်ကျူးဖျက်စီးခြင်းဟု ဆိုသည့် ကာယဒုစရိုက်(၃)ပါး

၁။လိမ်ပြောခြင်း ၂။ကုန်းတိုက်သွေးခွဲစကားပြောခြင်း ၃။ကြမ်းတမ်းစွာဆဲဆိုခြင်း ၄။အကျိုးမရှိ အနှစ်မဲ့စကားပြောခြင်း ဝစီဒုစရိုက်(၄)ပါး

သူတပါးပစ္စည်း မတရားနည်းနှင့် ရအောင်ကြံစည်းခြင်း(အဘိဇ္ဈာ)

သူတပါးသေကြေပျက်စီး နစ်နာဆုံးရူံးအောင် ကြံစည်ခြင်း (ဗျာပါဒ)

အယူလွဲမှားခြင်း(မိစ္ဆာဒိဌိ)

စသည့် မနောဒုစရိုက်(၃)ပါး

ထိုဒုစရိုက်(၁၀)ပါကိုရှောင်ကြဉ်၍ ပြုအပ်သည့်သုစရိုက်(၁၀)ပါးဖြစ်၏

သုစရိုက်တရား(၁၀)ပါးသည် လူတို့ကျင့်အပ်သော ဝိနည်းဖြစ်၍ ကောင်းကျိုးချမ်းသာ အမျိုးမျိုးကိုရစေနိုင်သောကြောင့် မင်္ဂလာဖြစ်ပေသည်

၂။ ရဟန်းတို့ကျင့်သုံးအပ်သောဝိနည်းဟူသည်မှာ (၇)ပါးသော အာပတ်တို့ကို မသင့်ရောက်စေရအောင် ကျင့်သုံးခြင်းပင်ဖြစ်သည်ဟု အဌကထာဆရာများဖွင့်ပြထား၏

တစ်နည်းထပ်မံ၍ စတုပါရိသုဒ္ဓိကို လုံခြုံအောင် စောင့်ထိန်းခြင်းသည် ရဟန်းတို့၏ ဝိနည်းကို ကောင်းစွာကျင့်သုံးခြင်း ဖြစ်သည်ဟု ဖွင့်ပြကြသည်

စတုပါရိသုဒ္ဓိဆိုသည်မှာ….

၂၂၇ သွယ်သော သိက္ခာပုဒ်တို့ကို လုံခြုံအောင် စောင့်ထိန်းခြင်းဟူသော ပါတိမ္ခောသံဝရ သီလ

မျက်ဆိ နား နှာ လျှာ ကိုယ် စိတ်တို့ကို စောင့်ထိန်းခြင်းဟူသော က္ကုန္ဒြိယသံဝရ သီလ

တရားသဖြင့် အသက်မွေးခြင်းဟူသော အာဇီဝ ပါရိသုဒ္ဓိ သီလ

ပစ္စည်းလေးပါးကို မှီဝဲသုံးဆောင်ရာ၌ ပညာဖြင့် ဆင်ခြင်သုံးဆောင်ခြင်းတည်ဟူသော ပစ္စယသန္တွိဿိတ သီလ

တို့ဖြစ်ကြသည်

ထို့သို့ လူလည်း လူ့အလျာက် ရဟန်းလည်း ရဟန်းအလျောက် မိမိတို့ဆိုင်ရာဝိနည်းကျင့်ဝတ်များကို ကောင်းစွာ လိုက်နာကျင့်သုံးကြလျှင် ကောင်းကျိုးချမ်းသာ မင်္ဂလာတရားတို့နှင့် ပြည့်စုံနိုင်ကြပေသတည်း.

အရှင်ဓမ္မပီယ(မြောင်)

No comments:

Post a Comment