Friday, September 17, 2010

နေထိုင်ရေးလမ်းညွှန်...

လောကတွင် အထွက်အထိပ်ရောက်ပြီး ကြီးပွားချမ်းသာအောင်မြင်နေကြသူများနှင့် ပတ်သက်ပြီး အချို့ကကံကောင်း၍ဟု ဆိုတတ်ကြ၏ တချို့ကလည်း နေရာဒေသ အကွတ်အကွင်းကောင်း၍ အမှီအခို အကပ် အရပ်ကောင်း၍စသည်ဖြင့် အတိတ်အကြောင်းတရားများနှင့် ပြင်ပမှအကြောင်းအရာများကိုညွှန်ပြပြောဆိုလေ့ရှိကြသည်

မြတ်စွားဘုရားရှင် အင်္ဂုတ္တရနိကာယ်စတုက္ကနိပါတ်ပါဠိတော်တွင် ဟောထားတော်မူသော စက္ကသုတ္တန်ဆိုတာ ပါရှိ၏ တိုးတက်ကြီးပွားချမ်းသာရေးမှာ နေသင့်နေထိုက်သော အရပ်မှာနေခြင်း(ပရိရူပသေဒဝါသစက်) ရှေးကောင်းမှုရှိခြင်း ပုဗ္ဗေစကတပုညာတာစက်) မိမိ ကိုယ်နုတ်နှလုံးကိုကောင်းစွာထားခြင်း(အတ္တသမ္မာပဏီဓိစက်) သူတော်ကောင်းမိတ်ဆွေရှိခြင်း (သပ္ပုရိသူပနိဿယစက်) လေးမျိုးနှင့်ပြည့်စုံရမည်ဟုဟောထားတော်မူထားသည်

ထိုအကြောင်းလေးပါးကိုပင် ကံကအဓိကကျသည် နေရာကအဓိကကျသည် အပေါင်းအသင်းကအဓိကကျသည်ဟု အယူအဆကွဲလွဲလေ့ရှိကြပြန်သည်

အဇာတသတ်မင်းသားငယ်အဖေသတ်မင်း ဖြစ်သွားခြင်း၌ အရှင်ဒေဝဒတ်နှင့် ပေါင်းမိခြင်းဟူသော ဇာတ်လမ်းအထင်အရှားရှိနေသောကြောင့် လူတိုင်း၏ ဘဝအဆိုးအကောင်း အောင်မြင်မူ့ဆုံးရူံးမူ့မှန်သမျှ ပတ်ဝန်းကျင်အပေါ်တွင် တည်နေသည်ဆိုခြင်းမှာ ဆိုထိုက်၏

ပရိတ်ကြီးနိဿယသစ် သပြေကန်ဆရာတော်ဘုရားကမူ ကံပါရမီက အဓိက ကလျှာဏမိတ္တက အဓိကဆိုတာဟာ ပစ္ဆိမဘဝိကလို့ခေါ်တဲ့ ယခုဘဝမှာပဲ မုချရဟန္တာဖြစ်မယ့် ပုဂ္ဂိုလ်များအတွက်သာမှန်တယ် တခြားပုဂ္ဂိုလ်များ အတွက်ကတော့ မိမိကိုယ်ကို ကောင်းအောင်ဆောက်တည်ဖို့ အဓိကပဲ ဟုမိန့်တော်မူဖူး၏

မည်သိုဆိုစေ လောကမှာအောင်မြင်ကြီးပွားချမ်းသာဖို့မှာ အဆိုပါ လေးပါးလုံးနှင့် ပြည့်စုံရန်လိုအပ်ပြီး ဆုံးရူံးဖို့ မအောင်မြင်ဘို့ဆိုပါကအထက်ပါ အချက်တချက်လောက်နှင့် မပြည့်စုံလျှင်ပင် ဖြစ်နိုင်သည်ဟု ယူဆရပေမည်

ဘုရားရှင်ကမူ ကလျာဏမိတ္တသုတ်တွင် ဆရာသမားကောင်း မိတ်ကောင်းဆွေကောင်း အရေးပါဆုံးဟု ဟောတော်မူသကဲ့သို့ မင်္ဂလသုတ် ရှေ့ဆုံးဂါထာတွင်လည်း မိတ်ဆွေကောင်း အရေးကြီးပုံကို ဟောတော်မူခဲ့ပြီး ဖြစ်သည်

လူသည် ခေတ်အဆက်ဆက်မှ ယနေ့ ကွန်ပျူတာ အင်တာနက် ခေတ်တိုင်အောင် ရေကြည်ရာမြက်နုရာကို ရှာဖွေခဲ့ကြသည် တရွာ မပြောင်း သူကောင်းမဖြစ် ဆိုသလို မိမိဝါသနာ မိမိရည်မှန်းချက် အကောင်အထည်ဖော် ပြည့်စွမ်းနိုင်မည်ထင်သော နေရာဒေသများကိုစွန့်စားရှာဖွေကြ၏ မျိုးစေ့မည်မျှပင်ကောင်းကောင်း မြေဆီမြေနှစ်မရှိသော ကျောက်စရစ် ကြပ်တီးကုန်းမှာ ရှင်သန်ဖူးပွင့်နိုင်မည် မဟုတ်ပေ သို့အတွက် ကြီးပွား ချမ်းသာချင်သူ မှန်ပါက မိမိအတွက် ကံအခွင့်အလမ်းသာမည့် နေရာကို ရွေးချယ်ရမှာပဲဖြစ်တယ်

သို့သော် လူတို့၏စိတ်သည် အလုပ်အကိုင် အကြံအစည်များကို စဉ်းစားရာ၌ အဝေးကိုလှမ်းတတ်ကြသည် မိမိနေသောနေရာ မိမိလက်ရှိလုပ်ကိုင်နေသော အလုပ်ထက် တခြားအလုပ် တခြား အရပ်ကပိုကောင်မွန်လိမ့်မည် ထင်မှတ်တတ်ကြခြင်းသည် လူ၏သဘာဝပင်ဇြစ်ပေသည်

အခြားအရပ်ဒေသတစ်ခုမှာကြီးပွားရန်နည်းလမ်းများ ရှိသည်ဟု ကြားရသည့်အခါ ထိုအရပ်၌နေသူတွေ အမှန်တကယ်ကြီးပွားရဲ့လား ထိုအရပ်သို့ပြောင်းရွှေ့လုပ်ကိုင်သူများတွင် ကြီးပွားထက် ပျက်စီးဆုံးရူံးသူက ဘယ်လောက်များသလဲဟု ဆန်းစစ်ရန်လိုအပ်သည် ယခုငါနေသော အရပ်ဒေသမှာ ကြီးပွားချမ်းသာရန် နည်းလမ်းဟူ၍ တစုံတစ်ရာမရှိဘူးလားဟူသည်ကို ဦးစွာစူးစမ်းလေ့လာသင့်ပေသည်

ရှာကြံနည်းမှာ အခြားသူများ လုပ်ကိုင်နေကြသော အလုပ်အခြေ အနေများကိုလေ့လာ၍ တိုးတက်ချဲ့ထွင်ရန်

နည်းလမ်း အများမမြင်မသိ၍ မလုပ်ကိုင်ဘဲနေသော အလုပ်အကိုင်စသည်တို့ကို စေ့စေ့စပ်စပ် မှတ်သား ရှာကြံတတ်လျှင် မည်သည့်အလုပ်အကိုင်မဆို ချဲ့ထွင်လုပ်ကိုင်ရန် နည်းလမ်းရှာတွေ့ရမည်ဇြစ်သည်

လူကသာမှန်မှန်ကန်ကန်လေ့လာသုံးသပ် တတ်ဖို့အရေးကြီးသည် လူမှန်လျှင် နေရာမှန်ပါသည် လူကမှားနေလျှင်တော့ ရွှေဘုံပေါ်မှာတတ်ထိုင်နေသူဖြစ်လင့်ကစား ပျက်စီးဆုံးရူံးတတ်သော သာဓကများစွာ ရှိလေသည် ကံအားလျှော်စွာလက်ရှိနေနေရသော နေရာ၌ ပြုပြင်ပြောင်းလဲ၍ ထူးချွန်ပေါက်မြောက်အောင် လုပ်ကိုင်တတ်သူများမှာ ထက်မြက်သောဥာဏ်ကြီးရှင် ပါရမီရှင်များဖြစ်သည်

နေရာနှင့်ပတ်သက်၍နာမည်ကျော် အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ သည် ထိုတို့မိန့်ဆိုတော်မူပါသည် အထူးလဲမှတ်သားဘွယ်ကောင်းသည် တောင်မြို့ဆရာတော်ဘုရား အမရပူမှာ စာသင်တိုက်ဖွင့်ရန် ကြွသွားစဉ်က ဆရာသမား ရဟန်းမိတ်ဆွေ ရဟန်းဒါယကာ အားလုံးကစပြီး သေးသိမ်ချောင်ကြသော နေရာဖြစ်၍ သဘောမတူကြပေ အများကဆရာတော် ဂုဏ်နှင့် မလိုက်ဖက်သည့်နေရာဖြစ်သောကြောင့် မနေစေချင်ကြ သိုသော် မကြာမီ နှစ်အနည်းအငယ်အတွင်း အောင်မြင်ထင်ရှားသောစာသင်တိုက်ကြီး တစ်တိုက်အဖြစ် မြန်မာပြည်မှာသာမက ကမ္ဘာမှာပါ ကျော်ကြားခဲ့လေသည် ထိုအခါဆရာတော်က ကိုယ့်ဘက်ကသာမှန်ဖို့လိုပါတယ် ကိုယ့်ဖက်ကမှန်နေရင် ကမ္ဘာကြီးက သူ့ဘာသာသူလမ်းဖောက်ပြီး ကိုယ့်ဆီ အရောက်လာပါလိမ့်မယ် ဟုမိန့်ဆိုခဲ့နေတယ်

ထိုကြောင့် နေရာမှန်ချင်လျှင် လူမှန်ဖြစ်ဖို့လိုသည် နေရာမှန်သော်လည်း လူကမှန်မှ မင်္ဂလာဖြစ်မည် နေရာကမှန်ပေမယ့် လူကမကောင်းလျှင် နေရာကသာမင်္ဂလာဖြစ်၍ လူကမင်္ဂလာမဖြစ် နေရာမှန်လူမှန်ဖြစ်ဖို့ အရေးကြီးသည် လူမှန်နေရာမှန်ဖြစ်မှ မင်္ဂလာရှိမည် ဖြစ်ပေသည်

သင့်တော်ရာမှာ နေထိုင်တာ မင်္ဂလာ

သင့်တင့်လျောက်ပတ်သောအရပ်ကိုနေရခြင်းသည် ပဋိရူပ ဒေသဝါသ မင်္ဂလာ မည်ပါသည်

သင့်တင့်လျောက်ပတ်သော အရပ်ကို ညွန်ပြရာ၌ အဌကထာဆရာများက ဓမ္မလမ်းကြောင်း မှကြည့်၍ ကုသိုလ်အကျိုးစီးပွားများစွာဖြစ်ထွန်းနိုင်မည့် အရပ်ကိုညွှန်ပြသည်

လောကနီတိဆရာတို့ကမူ လောကအကျိုးစီးပွားအတွက် ဖြစ်ထွန်းမည့် အရပ်ကိုညွှန်ပြပါသည် သို့ဖြစ်ရာ လောကဓမ္မ နှစ်ခုပေါင်းစပ်၍ ယူနိုင်မှ အဓိပ္ပါယ် ပြည့်စုံပေမည် လောကနှင့် ဓမ္မကို သီးခြားစီကန့်သတ်၍ မဖြစ်နိုင်ပေ လောကရှိ၍ ဓမ္မရှိလာရခြင်း ဇြစ်သည် လောက လမ်းကြောင်းကို မတိမ်းမစောင်း မှန်မှန်ကန်ကန်ဖြစ်ရန် ဓမ္မနှင့် ထိန်းကွပ်ထားရခြင်း ဖြစ်သည် လောကအကျိုး စီးပွားသည် လူကိုပူလောင်စေ၍ ဓမ္မ အနှစ်သာရသည် လူကိုငြိမ်းချမ်းစေမှာ အမှန်ဖြစ်သည်

လောကကြောင်းအရကြည့်ပါက ပညာရေး စီးပွားရေး ကျန်းမာရေး လမ်းပန်းဆက်သွယ်လုံခြုံချောမွေ့စေရေး စသော ကိစ္စရပ်များ နှင့် ပြည့်စုံသောနေရာသည် နေသင့် နေထိုက်သော အရပ်ဖြစ်သည်

နီတိဆရာများ အလိုအရဆိုလျှင် အသက်မွေးဝမ်းကျောင်း အလုပ် အကိုင်မရှိ မကောင်းမူ့ဒုစရိုက်ကို လုပ်ကိုင်ရာတွင် အရှက်အကြောက်မရှိ အသိအလိမ္မာ မရှိ စွန့်ကြဲပေးကမ်းခြင်း မရှိသောအရပ်များ တွင် မနေသင့်ဟုဆိုပါသည်

ထို့ပြင် မြတ်နိုး ခင်မင်သူမရှိသော အရပ် အလုပ်အကိုင် အဆင်မပြေသောအရပ် ပညာတစ်ခုခု မရနိုင်သောအရပ် ထို့ကဲ့သို့သော အရပ် မျိုးများတွင်လည်း မနေသင့်ဟုဆိုသည်

အသက်မွေးဝမ်းကျောင်း အလုပ်ဆိုရာတွင်လဲ ပင်ပန်းဆင်းရဲသလောက် အကျိုးအမြတ်မခံစားရသော နေရာမျိုးမှာလည်း မနေအပ်ပေ အလုပ်အကိုင်လွယ်လွယ်ကူကူနှင့် ခံစားခွင့်အပြည့်အဝရှိသော အသက်မွေးဝမ်းကျောင်းမျိုးဖြစ်လျှင်တော့ နေအပ်သော အရပ်ဟု ဆိုလိုသည်

အဌကထာဆရာကမူ သင့်တော်ရာအရပ် ဆိုသည်မှာ

(၁)စတဿာ ပရိသာ ဝိစရန္တိ

ပရိသတ်လေးပါးတို့ သွားလာနေထိုင်ရာ အရပ်ဖြစ်ခြင်း

(၂)ဒါနာဒီနိ ပုညကိရိယဝတ္ထူနိ ဝတ္တန္တိ

ဒါနစသော ပုညကိရိယာပြုခွင့်ရသည့် အရပ်ဒေသဖြစ်ခြင်း

(၃) နဝင်္ဂ သတ္ထု သာသနံ ဒိဗ္ဗတိ

အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရားသာသနာ ထွန်းပသော အရပ် ဒေသဖြစ်ခြင်းဟု (ခုဒ္ဒကပါဌ -ဌ ၁၁၁) တွင်ဖွင့်ပြပေသည်

ပရိသတ်လေးပါ ဆိုသည်မှာ ရဟန်း မင်း သူဌေး အလုပ်သမား စသည် ပုဂ္ဂိုလ်လေးမျိုး ရှိသောအရပ်ကို ဆိုလိုပါသည် ရဟန်းပရိတ်သတ်ရှိမှ ထိုက်တန်သော ဒါန သီလ စသည်ကောင်းမူ့ ကုသိုလ်များ ပြုလုပ်နိုင်မည် ဖြစ်၍ ရဟန်းပရိသတ် ရှိခြင်းကို မင်္ဂလာတစ်ပါး ဟုဆိုသည်

အုပ်ချုပ်သူ အစိုးရမင်းပရိတ်သတ်ရှိမှသာ ဥပဒေနှင့် လျော်ညီစွာ အုပ်ချုပ်နိုင်မည် မှန်ကန်စွာ အုပ်ချုပ်တတ်သော တရားသဖြင့်အုပ်ချုပ်တတ်သော ဥပဒေကို ကိုယ်တိုင်လေးစားလိုက်နာသော အကြီးအကဲဖြစ်ဖို့တော့ လိုသည် သို့မှသာ ဘာသာ သာသနာနှင့်တကွ နိုင်ငံအဝှမ်း အေးချမ်းသာယာစွာနှင့် တိုးတက်ကြီးပွားအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်

စီးပွားရေး ကြီးပွားရေး ကိစ္စများအတွက် တရားသဖြင့် ရောင်းဝယ်ဖောက်ကားအရင်းအနှီးထုတ်ပေးခြင်းများကို ကျယ်ပြန့်စွာ ပြုလုပ်ပေးနိုင်ကြသည့် သူဌေး ကုန်သည်များ ရှိခြင်းသည်လည်း မင်္ဂလာတစ်ပါးပင်တည်း။

အလုပ်သမားအဖွဲ့အစည်းရှိမှ အောက်ခြေအမာခံ ဆောက်လုပ်ရေး လယ်ယာစိုက်ပျိုးရေး အရောင်းအဝယ်ကိစ္စများ အချိန်မီ ပြီးမြောက်အောင်မြင်နိုင်မည်ဖြစ်၍ အလုပ်သမား ပရိသတ်လည်း မင်္ဂလာတစ်ပါးပင် ဖြစ်ပေသည်။

ဒီဃနိကာယ် အဌကထာဆရာ အလိုအားဖြင့်(မဟာဝဂ္ဂ-ဌ-၃၃၄)တွင် သင့်တင့်လျောက်ပတ်သော အရပ်ဆိုသည်မှာ..

၁ အအေးအပူ မျှတသောအရပ်

၂ စားဖွယ်သောက်ဖွယ် အာဟာရလွယ်ကူစွာ ရရှိနိုင်သောအရပ်

၃ ဗုဒ္ဓသာသနာ ထွန်းကားသောအရပ် စသည့်သုံးပါးနှင့်ပြည့်စုံလျှင် မင်္ဂလာရှိသော အရပ်မှာနေရခြင်းဟု ဖွင့်ပြပါသည်..

သင့်တော်သော အရပ်၌ နေရခြင်းကို လောကဓမ္မ နှစ်ပါးလုံး၌ တိုးတက်ကြီးပွားချမ်းသာနိုင်သောကြောင့် မင်္ဂလာတစ်ပါးဟု ဆိုသော်လည်း မင်္ဂလာဖြစ်အောင်နေနိုင်သူမှ မင်္ဂလာဖြစ်မည် မင်္ဂလာရှိအောင်မနေတတ်သူမှာ မင်္ဂလာဖြစ်မည်မဟုတ် ဗုဒ္ဓသာသနာထွန်းကာသော အရပ်လည်းဖြစ် သယံဇာတအရင်းအမြစ်ပေါကြွယ်ဝ၍ လောကစီးပွားရေးအတွက်လည်း အဆင်ပြေသော အရပ်ဒေသမှာ နေထိုင်ရပါလျက် ကိုယ်ကိုယ်တိုင်က လူပျင်း လူမိုက်ဖြစ်နေလျှင် ဘာမင်္ဂလာမှ ဖြစ်လာမည် မဟုတ်ချေ

ယနေ့ သာသနာအထွန်းကားဆုံးနိုင်ငံသည် မြန်မာနိုင်ငံဖြစ်သည် ပညာ ဥစ္စာကြိုက်သလောက် ရှာဖွေနိုင်သော အခွင့်အလမ်းလူတိုင်းမှာရှိပါတယ် ထိုသို့သောနိုင်ငံမျိုးမှာ နေထိုင်ပါလျက် မိမိတို့မှာနေ့စဉ် မင်္ဂလာတွေဖြစ်နေသင့်ပါတယ် မင်္ဂလာသည် ကုသိုလ်ကိုဆိုလိုပါတယ် နေ့စဥ်ကုသိုလ်တွေမည်မျှရနေသနည်း ကုသိုလ်မရ၍ အကုသိုလ်ဖြစ်နေလျှင်တော့ အမင်္ဂလာပင်ဖြစ်မည် အမင်္ဂလာသည် ဆင်းရဲဒုက္ခတွေ့ဖို့သာဖြစ်ပါတယ် မင်္ဂလာရှိမှ ကောင်းကျိုးချမ်းသာခံစားရမည်ဆိုတဲ့အကြောင်း ဆွေးနွေးလိုက်ပါတယ်

အရှင်ဓမ္မပီယ(မြောင်) ကြီးပွားချမ်းသာမင်္ဂလာလမ်းညွှန် မှ



No comments:

Post a Comment