Tuesday, September 14, 2010

ရုပ်ပုံလွှာက ပြောလာတဲ့ သင်္ခါရရှု့ကွက်




ဟို အနှစ် ၅၀-၆၀ ဝန်းကျင်ဆီသို့ ပြန်တွေးကြည့်သော်

(၁) ဆယ်ကျော်အသက် ပျော်မက်ဖွယ်ရာ
အချိုးအဆက် ညံ့သက်နုရွ အလှပနှင့်
ဘဝခုံမင် သံယောဇဉ်နှင့် အကြင်အနာ
အတွယ်အတာတို့ ကပ်ငြိဆွဲဆောင်
တုတ်နှောင်ခိုင်စွဲ ဆန္ဒရာဂ သမုဒယကြောင့်
ရူးမတတ် အသည်းအူ လှိုက်ဆူရှိုက်တုန်
ရင်ခုန်စွာပင် သူမကို မြင်သော်…
စူးရှတောက်ပ သူမရဲ့ ရူပါရုံ ပြောမကုန်။
(၂) ဟော ခုတော့…ဒီမှာကြည့် တရားအသိနဲ့
သူမ၏ လက်ရှိ-ပကတိ ယနေ့ရုပ်ပုံ
ပါးရေနားရေတွေ တွန့်လိမ်ကုန်
နှိုင်းယှဉ်ကြည့်တော့ သူမယုံ
သူ့မျက်ဝန်းတွေ တွေဝေမှုန်
အို….ခုတော့ သူ့နှလုံးသားတွေ နှေးစွာခုန်။
(၃) ကဲ ဒီတော့ သူငယ်ချင်း မေးပါရစေ…
ဟိုတုန်းက မင်းကြိုက်လှပါတယ်ဆိုတဲ့ မင်းသ္မီးချောချောပုံ
ပြစ်မျိုးကင်းပ နုနုရွရွ စွဲမက်စရာ လှမျိုးစုံ
တကယ်ရရင် ယူမယ်ဆိုတဲ့ မင့်စကားတွေကုန်
ခုတော့ ဘာကြောင့် မင်နှုတ်ရေငုံ
ကဲ … ပြောစမ်းပါဦး ဒီလိုဖြစ်ရပုံ။
(၄) ဆုံလည်နွားပမာ သာယာစုံမက်
ရုံးမထွက်ဘဲ သံသာဝဲတွင်
နစ်ဆဲပေါ်တုံ ကာမဂုဏ်မှာ
စုပြုံတိုးဝှေ့ မွေ့ကြပျော်ရွှင်
ပုထုဇဉ်…လို့ဘဲ
မင်းဆင်ခြေတွေ ပေးနိုင်ဦးမလား
သူငယ်ချင်း….။
မေ့သားလှ (ဇလဂ္ဂ) 14-09-2010)


No comments:

Post a Comment