(၁) မြက်ဖျားနှင်းပေါက် နေရောင်ရောက်
ချုပ်ပျောက် မြန်သည့် ပမာနှယ်
လွန်စွာစုံမက် လူ့အသက်
ဖြစ်ပျက် တိုလှတယ်။
(၂) တံစက်မြိတ်တွင်း မိုးပေါက်ဆင်း
လက်ငင်းရေဗွက် ထလာတယ်
ချက်ချင်းသွေပျက် ပျောက်ကွယ်တယ်။
(၃) ရေ၌ဒုတ်ရေး ခဏလေး
မှိန်မှေးပျောက်ကွယ် သွားကြတယ်
ငေးစိုက်ကြည့်ခိုက် မရှိတယ်
ဥာဏ်စိုက်ကြည့်မှ သိလိမ့်မယ်။
(၄) တောင်ပေါ်မှစီး ဒီရေကြီး
ပြန်ပြီးမသွား ပုံသို့နှယ်
မကြာလေခင် ကွယ်ပျောက်တယ်
ဇလာရေလျဉ် ဘယ်ရောက်တယ်။
(၅) လျှာဖျားစုဝေး ထိုတံတွေး
ထွေးလိုက်သောခါ လွင့်စင်ပြယ်
တွေးစိုက်ကြည့်ပါ သတိနယ်။
(၆) သံအိုးပူတွင်း အသားညှင်း
ချက်ချင်းဆူပွက် ဖြစ်လာတယ်
လက်ငင်းကျေပျက် ပျောက်ကွယ်တယ်။
(၇) သတ်ခံမည့်နွား ရွေ့ရွေ့သွား မမှားပုံသို့နှယ်
သားသတ်ရုံတွင်း သူ့လည်ပင်း
ဝပ်စင်း ခံရရှာလေတယ်။
လူ့ဘဝကား ပမာထား
ဘာများ မက်ဖွယ်မရှိတယ်။
စူးစိုက်ကြည့်ပါ ဘဝနယ်။
မသေသေးခင် သွားလမ်းစဉ်
ကြိုတင်ပြင်သင့်လှပေတယ်။
ဘာဝနာတရား နေ့စဉ်ပွား
များများကုသိုလ် ယူသင့်တယ်။
စိတ်ကိုပြင်မှ ဘဝလှ
အမြတ်ရအောင် နေသင့်တယ်။
မေတ္တာအေးဓာတ် ရစ်ကာပတ်
ပန်းမြတ်မွှေးလို့ အေးစေကွယ်။
ဘေးရန်ပလို့ ငြိမ်းစေကွယ်။
(အင်္ဂုတ္တရနိကာယ် သတ္တကနိပါတ် ၇- မဟာဝဂ္ဂ, ၁၀- အရကသုတ်ကို မှီငြမ်းပါသည်။ မေ့သားလှ (ဇလဂ္ဂ) 08-09-2010)
Saturday, September 11, 2010
မေတ္တာအေးဓာတ် ရစ်ကာပတ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment