Sunday, November 7, 2010

ပန်းမည်မကြောက် လှမ်းချီလျှောက်


ဘဝနှင့်စာပေခရီး အရှည်ကြီးကို
ပန်းမည်မကြောက် လှမ်းချီလျှောက်ခဲ့
မိုးသောက်နံက် အရုဏ်တက်မှ
ညဥ့်နက်သန်းခေါင် ညမှောင်သည်ထိ
ဇွဲသတ္တိဖြင့် အတိုင်းမသိများမြောင်
သိပ္ပံခေတ်ဒီလူ့ဘောင် ဥာဏ်မှီအောင်ကြိုးစား
ခေတ်မှီငြား တိုးတက်ရေး ကြံဆလို့တွေး။
လင်္ကာဒီပ အိန္ဒိယ၌ ဘဝရည်မှန်း ပညာပန်းကို
ဆွတ်လှမ်းယူခူး အထူးလေ့လာ ဆည်းပူးကာပင်
သိဥာဏ်ပွင့်လန်း ဇွဲနပန်းဖြင့်
နှင်းဆန်းဆောင်းရက် ခရီးဆက်ခဲ့
ပညာသင်ခဲ့သော နှစ်ကာလများ။
ပြန်တွေးကြည့်သော်…
မိဘဆရာ မျိုးသဟာနှင့်
ယဉ်သက်နုရွ အလှပနှင့်
ဘဝခုံမင် သံယောဇဉ်တို့
ပယ်ခွာရှောင်ပစ် သာသနာချစ်၍
သူတော်တို့ထုံး စိတ်နှလုံးဖြင့်
ဆုံးရှုံးမှုတို့က အနန္တ
ပေးဆပ်မှုတို့က များမြောင်လှ။
စွန့်လွှတ်စွန့်စား နှလုံးသားဖြင့်
သူတော်တို့လမ်း လျှောက်လှမ်းအပ်စွ
ဘဝတိုက်ပွဲ ပြင်းထန်နွဲလျှက်
ဘဝလှိုင်းထန် လောကဓံနှင့်
ငိုရှိုက်သံများ ငါ့အားလှုပ်ခတ်
နားလည်တတ်ခဲ့။
မပြီးဆုံးသေးသော ဘဝခရီးလမ်း
မမောမပန်း ငါလျှောက်လှမ်းဆဲ
ရင်ထဲခိုင်မြဲ အားမာန်တင်းဆဲ
မပြတ်ဆင်နွဲ ခရီးဆက်ဆဲ
ခံယူချက်မြဲ ဇွဲဖြင့်ကြဲ
ပန်းမည်မကြောက် လှမ်းချီလျှောက်ဆဲ။
(မေ့သားလှ-ဇလဂ္ဂ)

2 comments:

  1. အင်းးးးး မပြီးဆုံးနိုင်သေးသော ဘဝသံသရာ ခရီးရှည်မှာ
    မောပန်းလာလည်း ရင်ထဲခိုင်မြဲ အားမာန်တင်းရင်း
    ငါ..ဆိုတဲ့ စာဖတ်သူ မပြတ်ဆင်နွှဲ ခရီးတွေ အလီလီ ဆက်နေဆဲပဲ။
    သေချာတာက...ပန်းတိုင် က လက်တကမ်းမှာ။ :)
    ..ခင်မင်လေးစားလျှက်...ခင်မာလာအောင်..:)

    ReplyDelete
  2. အင်း...
    ဘဝ နှင့်  စာပေ ခရီးကြမ်း တဲ့  ။
    စ ကတဲက အကြီးကြီး ဖြစ်နေတော့ တာကိုး ။
    ရှည်မယ်၊ ကြမ်းမယ်လေ၊
    ဒါပေမဲ့  စာပေသမား ဆိုတာ သူများမတွေးတာ ကိုတွေးတတ်သလို ပဲ
    သူများမခံစားနိုင်တာကို လဲ ကိုယ်က ခံစားနိုင်ရမယ်မဟုတ်လား..။

    ReplyDelete